တိုက်ကြီး အောက်တိုဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာ (၉၅)အုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို ယမန်နေ့ နံနက်မှ စတင်၍ ဒုတိယအကြိမ် ကြေညာကပ်ထားလျက် ရှိသည်။
ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာတွင် မြို့နယ်အတွင်း ဆန္ဒ မဲပေးပိုင်ခွင့်ရှိသူ ဦးရေ (၂၁၂၅၇၂)ဦး ရှိပြီး ပထမအကြိမ် မဲဆန္ဒရှင်စာရင်းထက် လူဦးရေ (၃၁၂၉)ဦး ထပ်တိုးလာကြောင်း၊ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းတွင် မိမိ၏ အမည်မပါရှိပါက ပုံစံ(၃)ဖြင့်လည်းကောင်း၊ အချက်အလက် မမှန်ကန်ပါက ပုံစံ(၄-ဂ) ဖြင့်လည်းကောင်း၊ ကွယ်လွန်သူများနှင့် မဲပေးပိုင်ခွင့်မရှိသူများ ပါဝင်နေပါက အထောက် အထားများနှင့်အတူ ပုံစံ(၄) ဖြင့်လည်းကောင်း မဲစာရင်းကြေညာပြီးသည့် နောက်(၁၄)ရက် အတွင်း ဖြည့်စွက်ပြင်ဆင်ခြင်းနှင့် ပယ်ဖျက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း၊ ပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့တောင်းယူနိုင်ကြောင်း တိုက်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်သိန်းစိုး ထံမှ သိရသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ (၁) ရက်နေ့မှ အောက်တိုဘာလ ၁၄ ရက်နေ့အထိ (၁၄)ရက်တာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)