စမ်းချောင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အထူးရဲသင်တန်း (၁/၂၀၂၀) စတင် ဖွင့်လှစ်

စမ်းချောင်း အောက်တိုဘာ ၂

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပစဉ် လုံခြုံရေးတာဝန်များ အပြည့်အဝ ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ခန့်အပ်ပြီး အထူးရဲတပ်ဖွဲ့ဝင်များအား သင်တန်းပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အောင်ချမ်းသာ ရပ်ကွက်၊ ကံမြင့်ဘုန်းကြီးကျောင်းအတွင်းရှိ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့ရဲမှူးက အမှာစကားပြောကြားခဲ့ပြီး စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့အနေဖြင့် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပစဉ် လုံခြုံရေးတာဝန်များ အပြည့်အဝ ဆောင်ရွက်နိုင်ရန်အတွက် ခန့်အပ်ပြီး အထူးရဲတပ်ဖွဲ့ဝင် (၅၂)ဦးကို စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့ရဲမှူးမှ ကွပ်ကဲလျက် သင်တန်းကာလမှာ အောက်တိုဘာ(၁)ရက်နေ့မှ ( ၂၈ )ရက်နေ့အထိဖြစ်ပြီး သင်တန်းတွင် လုံခြုံရေး ဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရေးအတွက် အထူးရဲများ သိသင့်သိထိုက်သည့် တာဝန်နှင့် ဝတ္တရားများကို သိရှိကြစေရန် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။ မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရန်နှင့် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန်အတွက် အထူးရဲများကို တာဝန်ပေးခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

ခင်ချောစုဝင်း (ပြန်/ဆက်)