ကျိုက်ထိုမြို့နယ်တွင် မဟာသင်္ကြန်အတက်နေ့၌ ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားခြင်း၊ စတုဒိသာကျွေးမွေးခြင်းများဖြင့် စည်ကားလျက်ရှိ

ကျိုက်ထို ဧပြီ ၁၆

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် ယခုနှစ် မဟာသင်္ကြန်ပွဲတော်အတက်နေ့၌ ပြည်သူများ ‌ပျော်ရွှင်စွာရေကစားခြင်း၊ စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်း၊ ‌ကျောင်းကန်ဘုရားများ၌ ဥပုသ်သီလဆောက်တည်ခြင်းတို့ဖြင့် ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းခဲ့ကြကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျိုက်ထီးရိုး‌စေတီတော် ဂေါပကအဖွဲ့နှင့် ကျိုက်‌ပေါလောမှဲ့ရှင်တော် ဘုရားဂေါပကအဖွဲ့တို့ပူးပေါင်းကာ လူအများသွားလာနေသည့် ပြည်သူ့ဈေးရှေ့စတုဒိသာမဏ္ဍပ်၌ ကြက်သားထမင်းနှင့်ကြာဆံကြော်တို့အား ဈေးရောင်းဈေးဝယ်သူများနှင့် သွားလာနေသည့်ခရီးသွားပြည်သူများအား စတုဒိသာ ကျွေးမွေးလှူဒါန်းခဲ့ကြသည်။

ကျိုက်ထိုမြို့အတွင်း အုန်းလက်မဏ္ဍပ်ငယ်များဖြင့် ရေကစားခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီများ၌ ဥပုသ်သီလဆောက်တည်ခြင်း တရားဘာဝနာများပွားများခြင်းတို့ဖြင့် မြန်မာ့ရိုးရာမဟာသင်္ကြန် အတက်နေ့အား အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်