မိတ္ထီလာမြို့၌ မဟာသင်္ကြန်ပွဲတော်အကြတ်နေ့ အတာရေသဘင်ပွဲ ပါဝင်ဆင်နွှဲသူများဖြင့် စည်ကားသိုက်မြိုက်

မိတ္ထီလာ ဧပြီ ၁၆

မိတ္ထီလာမြို့၌ ၂ဝ၂၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့ မဟာသင်္ကြန်အကြိုနေ့က စတင်ပြီးကျင်းပလျက်ရှိရာ ယမန်နေ့မဟာသင်္ကြန်အကြတ်နေ့က ယိမ်းအကပြိုင်ပွဲ၊ လမ်းလျှောက်သင်္ကြန်ပွဲနှင့် စတုဒိသာကျွေးမွေးလှူဒါန်းပွဲများတို့တွင် ပါဝင်ဆင်နွှဲသူများဖြင့် စည်ကားသိုက်မြိုက်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာဗဟိုရေကစားမဏ္ဍပ်မှာ ရပ်ကွက်ကျေးရွာအုပ်စုများက ပါဝင်ယှဉ်ပြိုင်ကြတဲ့သင်္ကြန်ယိမ်းပြိုင်ပွဲကို ကျင်းပပြီး ဗဟိုရေကစားမဏ္ဍပ်နဲ့ မလှမ်းမကမ်းမှာ သင်္ကြန်ပွဲတော်ပါဝင်ဆင်နွှဲသူများအားလုံး အေးချမ်းပျော်ရွှင်စွာနဲ့ ရေကစားနိုင်အောင် လမ်းလျှောက်သင်္ကြန်ပွဲကို စီစဉ်ပေးထားတာကြောင့်  သင်္ကြန်ပွဲတော်မှာ ပါဝင်ဆင်နွှဲသူများနဲ့  သင်္ကြန်အကြတ်နေ့က စည်ကားသိုက်မြိုက်ခဲ့ပါတယ်။ လမ်းလျှောက်သင်္ကြန်ပွဲအနီးက ဗိုလ်ချုပ်ပန်းခြံအတွင်းမှာလည်း စတုဒိသာထမင်းကျွေးမွေးလှူဒါန်းတာတွေကို နေ့စဉ်ခရိုင်မြို့နယ်အဆင့်ဌာန ဆိုင်ရာတွေက အလှည့်ကျကျွေးမွေးကြပါတယ်။ သင်္ကြန်ပွဲတော်မှာ ပါဝင်ဆင်နွှဲသူများအားလုံးလိုလိုက စတုဒိသာကျွေးမွေးလှူဒါန်းပွဲမှာလည်း လာရောက်သုံးဆောင်ကြတာမို့ လှူဒါန်းကျွေးမွေးရတဲ့သူတွေအနေနဲ့လည်း ဝမ်းသာပီတိဖြစ်ကြပါတယ်ဟု မိတ္ထီလာမြို့ မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်တီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိတ္ထီလာမြို့၌ မဟာသင်္ကြန်ပွဲတော်ကျင်းပပြီးစီးပါက မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင်လည်း မြို့နယ်အတွင်းရှိ အသက် ၉ဝ နှစ်အထက် သက်ကြီးဘိုးဘွားပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲတော်ကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 ချမ်းသာ