နေပြည်တော် ဧပြီ ၁၆
မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာသက္ကရာဇ်နှစ်တစ်နှစ် ကုန်ဆုံးပြီး နှစ်သစ်၏အေးချမ်းမှုကို ရရှိစေရန်၊ နှစ်ဟောင်းမှအညစ်အကြေးများ ကင်းစင်လွင့်ပျောက်စေပြီး နှစ်သစ်သို့ မပါလာစေရန် ရည်ရွယ်၍ ရေစင်သွန်းလောင်းကြခြင်းဖြစ်ကာ မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ရိုးရာမပျက်ကျင်းပနိုင်ရန်၊ ပြည်သူများကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော် တွင် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ရန်၊ ပြည်သူများ မိမိတို့ ပင်ပန်းနွမ်းနယ်သမျှကို အတာရေပက်ဖျန်း လန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင် နိုင်ငံတော်၏ တာဝန်များကို စွမ်းအားပြည့် ဆောင်ရွက်နိုင်စေရန်၊ မြန်မာမူမြန်မာ့ဟန် မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်သာရများဖြင့် နိုင်ငံတစ်ဝန်း ကျင်းပလျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင်လည်း ပြည်သူများအေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ အပန်း ဖြေနိုင်ရန်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
ယနေ့ကျရောက်သည့် မဟာသင်္ကြန် (အတက်နေ့)တွင် နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ် ၌ နိုင်ငံကျော် အနုပညာရှင်များ၊ တေးသံရှင်များနှင့် ဝန်ကြီးဌာနများ၊ ခရိုင်/မြို့နယ်များမှ သင်္ကြန်ယိမ်းအကအဖွဲ့များက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေ၍ လည်းကောင်း၊ လမ်းလျှောက် သင်္ကြန်အစီ အစဉ်ကို ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာ လမ်းဆုံအထိ သနပ်ခါးသင်္ကြန်၊ တိုင်းရင်းသားသင်္ကြန်၊ မြန်မာမှုမပျောက်ပျက်စေရန်နှင့် နိုင်ငံတကာ အဆင့်တန်းမီ အလှပြဖျော်ဖြေရေး အစီအစဉ်များနှင့် လူငယ်နှင့် ကလေးငယ်များအတွက် လူငယ်ဂိမ်းသင်္ကြန်အစီအစဉ်များကို ဇုန်လေးဇုန်သတ်မှတ်ကာ ခေတ်နှင့်အညီ ထည့်သွင်းကျင်းပလျက်ရှိသည့်အပြင် ဝန်ကြီးဌာနရေကစားမဏ္ဍပ်များလည်း ပူးပေါင်းပါဝင် ဆင်နွှဲလျက်ရှိပြီး နိုင်ငံကျော် အနုပညာရှင်များကလည်း တေးသီချင်းများဖြင့် ကပြဖျော်ဖြေ၍ လည်းကောင်း၊ နေပြည်တော်ရေပန်း ဥယျာဉ်အတွင်း ရှိ လမ်းလျှောက် သင်္ကြန်ပွဲတော်တွင်လည်း သင်္ကြန်ချစ်သူများ၊ လာရောက်ရေပက်ခံသူများ၊ ရေကစား ကြသူများအပြင် ဘုရားစေတီ ပုထိုးများ၌ ကုသိုလ်ကောင်းမှု ပြုကြသူများ၊ စတုဒိသာကျွေးမွေး လှူဒါန်းကြသူများ၊ အပန်းဖြေစခန်းများ၌ လာရောက်အပန်းဖြေကြသူများ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်း မဏ္ဍပ်ငယ်များ ဆောက်လုပ်၍ ရေပက်ကစားကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အောင်ကို (ပြန်/ဆက်)