ရန်ကုန် ဧပြီ ၁၆
၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းမည့် နှစ်သစ်ကူးအခါသမယတွင် မြန်မာ့ရိုးရာ ဓလေ့ထုံးစံများနှင့်အညီ အတာရေသဘင် သင်္ကြန်ပွဲတော်ကို ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ အပန်းဖြေနိုင်စေရန်ရန်ကုန်မြို့တော်၌ စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိသည်။
ယနေ့တွင်ရန်ကုန်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်၌မြန်မာ့အသံခေတ်ပေါ် တေးဂီတအဖွဲ့နှင့်တွဲဖက်၍ နိုင်ငံကျော်အနုပညာရှင်များ၊ တေးသံ ရှင်များနှင့်၊ ခရိုင်/ မြို့နယ်များမှ သင်္ကြန်ယိမ်းအကအဖွဲ့များက ပရိသတ်အကြိုက်တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။
ရန်ကုန်မြို့တော် တစ်ခွင်တွင်မြန်မာ့ရိုးရာ မဟာသင်္ကြန်အတက်နေ့ဖြစ်သော်လည်း ဘုရားစေတီ ပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုကြသူ များ၊ စတုဒိသာကျွေးမွေးလှူဒါန်းကြသူများ၊ အေးချမ်းပျော်ရွှင်စွာရေကစားကြသူများနှင့် အပန်းဖြေကြသူများ၊ မြို့နယ်၊ ရပ်ကွက်များအတွင်း မဏ္ဍပ်ငယ် များဆောက်လုပ်၍ မိသားစုအလိုက်ရေပက် ကစားကြသူများဖြင့် စည်းကားလျက်ရှိသည်။
မဟာသင်္ကြန်ကာလအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင်ဘေးအန္တရာယ် ကင်းရှင်းစွာရေကစားနိုင်ကြစေရန်နှင့် စိတ်အေးချမ်းပျော်ရွှင်စွာအနားယူအပန်းဖြေနိုင်စေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြည်သူများ၏ လုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့များကလည်း ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးအတွက် ယာဉ်ကြောရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အပန်းဖြေနေကြစဉ်အတွင်း အနားယူအန္တရာယ် မရှိစေရေးအတွက်သတိပေးနှိုးဆော်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။
မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်သည် မြန်မာသက္ကရာဇ် နှစ်တစ်နှစ် ကုန်ဆုံးပြီး နှစ်သစ်၏ အေးချမ်းမှုကိုရရှိစေရန်၊ နှစ်ဟောင်းမှအညစ်အကြေးများ ကင်းစင်လွင့်ပျောက်စေပြီး နှစ်သစ်သို့ မပါလာစေရန် ရည်ရွယ်၍ရေစင်သွန်းလောင်းကြခြင်းဖြစ်သည်နှင့်အညီ နှစ်ဟောင်းမှအညစ်အကြေးများကို သင်္ကြန်အတာရေဖြင့် တစ်ဦးကိုတစ်ဦးကြည်နူးသိမ်မွေ့စွာ ပက်ဖျန်းဆေး ကြောပျော်ရွှင်စွာရေကစားကြသည့် ရိုးရာယဉ်ကျေးမှုပွဲတော်တစ်ခုလည်းဖြစ်ကြောင်းသိရသည်။
အောင်မြင့်(ပြန်/ဆက်)