ပန်းဘဲတန်း အောက်တိုဘာ ၂
ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ကာကွယ်နိုင်စေရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး (ကိုကိုးကျွန်းမြို့နယ်မပါ) တွင် နေထိုင်သူများအနေဖြင့် Stay at Home အဖြစ် ထုတ်ပြန်ထားသည့် ကြေညာချက်များကို ထိထိရောက်ရောက် လိုက်နာစေရန်အတွက် နယ်မြေကျော်သွားလာခြင်း မရှိစေရန် စစ်ဆေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ပူးပေါင်းအဖွဲ့များ နေ့စဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ စည်ပင်မှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေး ဝန်ထမ်းများက Stay at Home ကာလအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်စေရန် ပန်းဘဲတန်းမြို့နယ်အတွင်းရှိ ကုန်သည်လမ်း၊ ဗိုလ်ဆွန်ပက်လမ်း၊ အနော်ရထာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် မဟာဗန္ဓုလလမ်း၊ လမ်းသွယ်များဖြစ်သော ရွှေတိဂုံလမ်း၊ ကုန်ဈေးတန်းလမ်း၊ ရွှေဘုံသာလမ်း၊ ဗိုလ်ဆွန်ပက်လမ်းတို့တွင် ဖြတ်သန်းသွားလာနေကြသည့် အရေးပေါ်ယာဉ်များနှင့် YBS ကားများမှလွဲ၍ အခြားယာဉ်များကို မလိုအပ်ပဲ နယ်မြေကျော်သွားလာခြင်းမရှိစေရန် စစ်ဆေးမေးမြန်းပြီး မဖြစ်မနေ နယ်မြေကျော် သွားရောက်ရန် လိုအပ်ပါက ထောက်ခံချက်များပါရှိရန် စစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
နေခြည် (ပြန်/ဆက်)