မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အကြတ်နေ့၌ ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်အပါအဝင်  တိုင်းဒေသကြီးအတွင်းရှိ နေရာအနှံ့အပြားတွင် အထူးပင်ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိ

တာမွေ     ဧပြီ     ၁၆

ယနေ့တွင်ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြတ်နေ့နံနက်ပိုင်းအချိန်မှစတင်ကာ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်အပါအဝင်  တိုင်းဒေသကြီးအတွင်းရှိ နေရာအနှံ့အပြားတွင် လမ်းလျှောက်သင်္ကြန်ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များ၊ အတာရေသဘင်ရေကစားမဏ္ဍပ်များနှင့် ရေပက်ခံကားများ၊ အတာရေပက်ဖျန်းသူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းကြသူများဖြင့် အထူးပင်ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းအချိန်က မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးအသီးသီးမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ စစ်သံမှူးများ၊ သံရုံးယာယီတာဝန်ခံများ၊ စီးပွားရေးသံမှူးများနှင့်အတူ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်းရှိ ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ သင်္ကြန်ယိမ်းအကအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှုများနှင့် နိုင်ငံကျော်အနုပညာရှင်ကြီးများ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ပြီး မဟာဗန္ဓုလပန်းခြံလမ်းတွင် ကျင်းပပြုလုပ်သည့် လမ်းလျှောက်သင်္ကြန်တွင် ပြည်သူများနှင့်အတူ လွတ်လပ်ပျော်ရွှင်စွာ ဝင်ရောက်ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(တာမွေ)