ပြင်ဦးလွင် ဧပြီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ကန်တော်ကြီးပတ်လမ်းပေါ်တွင် ပြင်ဦးလွင်မြို့ဗဟိုမဏ္ဍပ်၊ ဌာနဆိုင်ရာများ၏ ရေကစားမဏ္ဍပ်နှင့် စတုဒိသာမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယမန်နေ့သင်္ကြန်အကြတ်နေ့တွင် ပြင်ဦးလွင်မြို့ရှိ ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင်စွာဆင်နွှဲနိုင်ရေး သင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ၊ ပြင်ဦးလွင်တပ်နယ်မှ အရာရှိစစ်သည်များ၊ မြန်မာနိုင်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြင်ဦးလွင်မြို့ ဗဟိုမဏ္ဍပ်၌ မြန်မာ့ရိုးရာသင်္ကြန်အကြတ်နေ့တွင် ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယိမ်းအဖွဲ့၊ ပညာရေးဌာနမှ ဆရာ/ဆရာမများ ယိမ်းအဖွဲ့၊ ကျန်းမာရေးဌာန၊ ရပ်ကွက်/ကျေးရွာများမှ ယိမ်းအဖွဲ့များမှ သင်္ကြန်ယိမ်းအကများ၊ အခြေခံပညာကျောင်းများက ဖျော်ဖြေရေးအစီအစဉ်များနှင့် DJ တီးခတ်ဖျော်ဖြေမှုများဖြင့် သီဆိုကပြဖျော်ဖြေလျက်ရှိပြီး မဟာသင်္ကြန်ပွဲတော်ကာလအတွင်း လာရောက်ဆင်နွှဲကြသော ပြည်သူများကို ရွှေရင်အေး၊ သာကူ၊ ကြာဇံချက်၊ ထမင်းစသည့် စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိကြောင်း သိရသည်။
ဖြူလူသစ်