ရန်ကုန် အောက်တိုဘာ ၂
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့်ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဗဟန်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်အဖြစ် ကပ်ထားကြေညာခြင်းကို ယမန်နေ့မှစ၍ (၁၄)ရက်နေ့အထိ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးထားကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်ကပ်ထားကြေညာခြင်းသည် နောက်ဆုံးအကြိမ်အဖြစ် အောက်တိုဘာ (၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေညာထားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ဆန္ဒမဲ စာရင်းတွင် မိမိတို့၏အမည်မပါဝင်ပါက ပုံစံ(၃)ဖြင့် အမည်ထည့်သွင်းတောင်းဆိုခြင်း၊ အခြားဒေသမှ လာရောက် နေထိုင်သူများဖြစ်ပါက ပုံစံ ၃(က)ဖြင့် လျှောက်ထားခြင်း၊ မဲစာရင်း တွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်များ မှားယွင်းနေပါက ပုံစံ-၄(ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းကို သတ်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည် စိစစ်၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရေး အတွက် မဲစာရင်းများလာရောက်ကြည့်ရှုကြရန်အသိပေးနှိုးဆော်ထားသည်။
ဗဟန်းမြို့နယ်တွင် ရပ်ကွက်ပေါင်း(၂၂)ရပ်ကွက်ရှိရာ ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် မဲပေးနိုင်မည့် ဦးရေ(၆၀၄၃၅)ဦးရှိပြီး မဲရုံပေါင်း(၆၅)ရုံနှင့် ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီ(၁၀)ပါတီရှိကြောင်းသိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)