ကျိုက်မရော ဧပြီ ၁၆
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ နတ်စမ်းရွာဒေသထွက် ဒူးရင်းသီးများ စတင်ထွက်ရှိနေပြီး သင်္ကြန်ကာလဖြစ်၍ စျေးကောင်းလည်းရရှိကြောင်း သိရသည်။
နတ်စမ်းဒေသထွက် ယိုးဒယားဒူးရင်းသီးမျိုးကတော့ ကျိုက်မရောမြို့၏ အကောင်းဆုံးဒေသထွက် သီးနှံဖြစ်၍ အမြို့မြို့အနယ်နယ်မှ စားဖူးသူများ အကြိုက်ဖြစ်ကာ ဒူးရင်းသီးစတင်သီးချိန်ကထဲကပင် အပင်လိုက်ခြံချုပ်ဝယ်ယူလိုသူများပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများအထိ ကုန်သည်များအဝယ်လိုက်ကာ သင်္ကြန်ကာလလွန်သည်နှင့် ဒူးရင်းသီးများလှိုင်လှိုင်ထွက်ရှိချိန်တွင် ခြံရှင်များအနေဖြင့် ပေါ်ဦးပေါ်ဖျားစျေးကောင်းရကြသဖြင့် ခူး၍ရောင်းကြပြီး သင်္ကြန်ကာလအနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေလည်ပတ်ကြသည့် ခရီးသွားဧည့်သည်များက အိမ်အပြန်မျက်နှာပန်းလှအောင် စျေးကြီးသော်လည်း နတ်စမ်းရွာ ဒူးရင်းသီးဆိုလျှင် အလုအရက်ဝယ်ယူအားပေးကြကြောင်း ဒူးရင်းခြံရှင်ဒေါ်စမ်းစမ်းမော်ကပြောသည်။
ယခုအချိန်တွင်ပေါ်ကာစဖြစ်၍ ဒူးရင်းသီးအကြီးတစ်လုံးလျှင် လေးသောင်းမှ သုံးသောင်းအထိရနေပြီး အလုံးသေးတစ်လုံးလျှင် တစ်သောင်းခွဲထိ စျေးရနေကြောင်း ယခုနှစ်ဒူးရင်းသီးပေါ်တာစော၍ စျေးနှုန်းလည်းကောင်းပြီး ဒူးရင်းခြံပိုင်ရှင်များ ဝင်ငွေကောင်းကြသဖြင့် မိသားစုဝင်ငွေတိုးကာ ဝမ်းသာနေကြကြောင်း ဒူးရင်းသီး အများဆုံးထွက်ရှိသည့် နတ်စမ်းကျေးရွာမှ ခြံပိုင်ရှင်ဦးမောင်ဦး၏ ပြောပြချက်အရ သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)