မာန်အောင် ဧပြီ ၁၆
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၌ နှစ်သစ်ကူးမဟာသင်္ကြန်အကြတ်နေ့ ယမန်နေ့ နေ့လယ်ပိုင်းမှစ၍ ရေပက်ခံထွက်သူများ၊ ရေပက်ကစားကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
မဟာသင်္ကြန်နှစ်သစ်ကူးကာလ သင်္ကြန်အကြတ်နေ့၌ ဗဟိုမဏ္ဍပ်တွင် ခေတ်ပေါ်တေးဂီတများနှင့်အတူတေးသီချင်းများသီဆိုခြင်း၊ယိမ်းအဖွဲ့များက ကပြဖျော်ဖြေတင်ဆက်ခြင်း၊ သင်္ကြန်ချစ်သူများနှင့် ရေကစားကြ သူများကို စတုဒီသာအကျွေးအမွေးဖြင့် ဧည့်ခံခြင်းများအပြင် ရပ်ကွက်ကျေးရွာအသီးသီးတွင်လည်း မဏ္ဍပ်များဆောက်လုပ်၍လည်းကောင်း၊ နေအိမ်ရှေ့များတွင် ရခိုင်ရိုးရာဓနိလက်များဖြင့် မဏ္ဍပ်ငယ်များဆောက် လုပ်ပြီး မိသားစုများ၊ အသင်းအဖွဲ့များ၊ မိတ်ဆွေသူငယ်ချင်းများစုပေါင်း၍လည်းကောင်း ရေပက်ခံထွက်သူ များအား ရေပက်ကစားကာ အထူးစည်ကားလျက်ရှိသည်။
မာန်အောင်မြို့နယ်တွင် သက်ကြီး အရွယ်များက သင်္ကြန်ရက်များအတွင်း ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်သီလဆောက်တည်ကြသည့် အလေ့အထရှိပြီး လူငယ်များက ရေလောင်း၊ ရေပက်ခံထွက်သည့်အလေ့ အထရှိရာ မြို့ပေါ်ရပ်ကွက်နှင့် မာန်အောင်ကျွန်းပတ်လမ်းတစ်လျှောက်ရှိ ကျေးရွာလူငယ်များကအစုအဖွဲ့ လိုက်လည်းကောင်း၊ တစ်ဦးချင်းအလိုက်လည်းကောင်း ကားများ၊ ဆိုင်ကယ်များဖြင့် လာရောက်ကြပြီး ဗဟိုမဏ္ဍပ်နှင့် တခြားမဏ္ဍပ်များသို့ လှည့်လည်ရေပက်ခံထွက်ပြီးသင်္ကြန်အကျနေ့ထက် အထူးစည်ကားလျက်ရှိကြောင်းသိရသည်။
သိန်းဖေ(ပြန်/ဆက်)