သထုံ ဧပြီ ၁၆
မွန်ပြည်နယ်၊ သထုံမြို့တွင်ကျင်းပသည့် လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ယမန်နေ့ (မဟာအတာသင်္ကြန်ပွဲတော်အကြတ်နေ့)၌ ပြည်သူများအေးချမ်းပျော်ရွှင်စွာ လာရောက်ရေကစားကြပြီး ပွဲတော်ကျင်းပရေးကော်မတီမှ စတုဒိသာများ ကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။
သထုံမြို့နယ်အတွင်း ယခုနှစ်မဟာသင်္ကြန်ပွဲတော်တွင် ပထမဆုံးအကြိမ်အဖြစ် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ရွှေစာရံစေတီတော်မြတ်ကြီး မြောက်ဘက်မုခ်ရှိ ဘုရားလမ်းပေါ်၌ ထည့်သွင်းကျင်းပနေပြီး ပြည်သူများပျော်ရွှင်စွာ လာရောက်ဆင်နွှဲကြရာ လမ်းလျှောက်သင်္ကြန်ပွဲလာရောက်သူများအား နံနက်ပိုင်းနှင့် ညနေပိုင်းတို့၌ ပွဲတော်ကျင်းပရေးကော်မတီ၏စီမံမှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာများက တစ်ရက်လျှင်နှစ်ကြိမ်ခွဲ၍ သင်္ကြန်ထမင်း၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ အအေးစသည့် စားသောက်ဖွယ်ရာစတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
အလားတူ မြို့ပေါ်ရပ်ကွက်များ၌ မုန့်လုံးရေပေါ်၊ သင်္ကြန်ထမင်းစသည့် ရိုးရာအစားအစာများကို အစုအဖွဲ့အလိုက် ပြုလုပ်ကျွေးမွေးလှူဒါန်းကြပြီး အုန်းလက်မဏ္ဍပ်ငယ်များဖြင့် ရေကစားခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီများ၌ ဥပုသ်သီလဆောက်တည်ခြင်း တရားဘာဝနာများပွားများခြင်းတို့ဖြင့် မြန်မာ့ရိုးရာမဟာသင်္ကြန်အကြတ်နေ့အား အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်