မြစ်ကြီးနား ဧပြီ ၁၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အကြတ်နေ့ ဧပြီ ၁၅ ရက်တွင် ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်တို့တွင် ရေကစားသူများ၊ လည်ပတ်သူများဖြင့် ယခင်နေ့များထက် အေးချမ်းပျော်ရွှင်စွာကျင်းပလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေသဘင်မဏ္ဍပ်များသို့ သွားရောက်ပြီး ပြည်သူများနှင့်အတူ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ကိုကိုမောင်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြစ်ကြီးနားအတာရေသဘင်ပွဲတော် ဗဟိုမဏ္ဍပ်သို့ တက်ရောက်၍ ဗဟိုမဏ္ဍပ်၌ ယိမ်းအကအလှများ၊ ခေတ်ပေါ်တေးသီချင်းများ သီဆိုဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုတော်များနှင့် ယိမ်းအဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့အပြင် သင်္ကြန်အကြတ်နေ့တွင် လမ်းလျှောက်သင်္ကြန် ကျင်းပပြုလုပ်သည့်နေရာတွင် ဌာနဆိုင်ရာများ၏ စတုဒိသာမဏ္ဍပ်(၄)ခု၌ သင်္ကြန်ချစ်သူပြည်သူများ ရေကစားရင်း လည်ပတ်စား သောက်လျက်ရှိကြပြီး ဗဟိုမဏ္ဍပ်မှ နိုင်ငံကျော်အဆိုတော်များ၊ ဒေသခံတိုင်းရင်းသားအဆိုရှင်များ၏ သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
အလားတူ ဆမားလမ်းမပေါ်ရှိ ဒေသခံစီးပွားရေးလုပ်ငန်းများရှင်များ ရေကစားမဏ္ဍပ် ၆ ခုတို့တွင်လည်း လာရောက်လည်ပတ်ရေကစားသူများ၊ တေးသီချင်းသီဆိုမှုများ၊ ယိမ်းအကအလှတို့ဖြင့် ဖျော်ဖြေမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိသည်။
ထို့အပြင် မဟာသင်္ကြန်အကျနေ့ ညနေပိုင်းကလည်း ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများသည် ဗဟိုမဏ္ဍပ်၌ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိသည့် ပြည်သူများနှင့်အတူ နိုင်ငံကျော်တေးသံရှင်များနှင့် ဒေသခံတိုင်းရင်းသား တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများ၊ ယိမ်းအကအလှများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့အပြင် ညပိုင်းတွင်လည်း ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် မြို့ပေါ်ရပ်ကွက်ယိမ်းအဖွဲ့ (၁၃)ဖွဲ့၏ ကိုယ်ပိုင်သံစဉ်/စာသားဖြင့် CD/ဆိုင်းဝိုင်းဖြင့် ယှဉ်ပြိုင်မှုများ၊ CD တေးသီချင်းဖြင့် ယှဉ်ပြိုင်မှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ယိမ်းအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်