မြေပုံမြို့နယ်၊ အငူကမ်းခြေ၌ အပန်းဖြေအနားယူသူများနှင့် စည်ကားလျက်ရှိ

မြေပုံ ဧပြီ ၁၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်ရှိ အငူကမ်းခြေ၌သင်္ကြန်(အကြတ်နေ့) ယမန်နေ့တွင် ‌ရေကစားရန်လာရောက်ကြသူများ၊ အပန်းဖြေအနားယူသူများတို့ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

သင်္ကြန်ကာလအတွင်း ဒေသခံပြည်သူများက အငူကမ်းခြေ၌ ယာယီပျံကျဈေးတန်းများတည်ဆောက်၍ ဒေသထွက်ပင်လယ်စာနှင့် အစားအသောက်မျိုးစုံတို့ကို အဆိုပါကမ်းခြေတစ်လျှောက်၌ ရောင်းချလျက်ရှိသည်။ ကမ်းခြေအလှလေ့လာရန်၊ ဒေသထွက်အစားအစာများ သုံးဆောင်ရန်နှင့် အပန်းဖြေအနားယူရန် ရောက်ရှိလာသော ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်နှင့် ပေါက်တောမြို့နယ်တို့မှ ကား၊ ဆိုင်ကယ်တို့ဖြင့် လာရောက်ကြသူများ၊ ဒေသခံပြည်သူများဖြင့် ကမ်းခြေတစ်လျှောက် စည်ကားလျက်ရှိသည်။

ထို့နောက် ကမ်းခြေ၌ ရေချိုးခြင်း၊ ကျောက်ဆောင်အလှများ၌ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခြင်း၊ ရေသူမရုပ်ထုနှင့်တွဲလျှက် အလှဓါတ်ပုံရိုက်ကူးကြသူများနှင့် စည်းကားလျက်ရှိသည်။ ကမ်းခြေသို့လာရောက်သူများအား အေးချမ်းပျော်ရွှင်စွာ အပန်းဖြေအနားယူရန်နှင့် ကမ်းခြေသာယာလှပစေရန် ဒေသခံတာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင်ဝင်း