မော်လမြိုင်မြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အ​ကြတ်နေ့ ဖျော်ဖြေတင်ဆက်မှုနှင့် ပြည်သူများစိတ်ချမ်းမြေ့ပျော်ရွှင်စွာ ပွဲတော်ဆင်နွှဲခဲ့ကြ

မော်လမြိုင် ဧပြီ ၁၆

၁၃၈၄ ခုနှစ်၊ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ပွဲကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကမ်းနားလမ်းတစ်လျှောက်တွင် ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ ဧပြီလ ၁၅ ရက် မဟာသင်္ကြန်ပွဲတော်အကြတ်​နေ့တွင် နိုင်ငံကျော်အဆိုတော်များဖြင့် သင်္ကြန်ပွဲတော်ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ  ပြည်သူများစိတ်ချမ်းမြေ့ပျော်ရွှင်စွာပွဲတော်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

မော်လမြိုင်မြို့တွင် ကျင်းပလျက်ရှိသည့် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ ယိမ်းအကအဖွဲ့များပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး အခြားသောမဏ္ဍပ်များတွင် ဖျော်ဖြေရေးယိမ်းများ၊ ခေတ်ပေါ်တေးဂီတအဆိုများဖြင့် သီဆိုဖျော်ဖြေလျက်ရှိရာ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်သို့ လာရောက်ဆင်နွှဲကြသည့် ပြည်သူများအား စတုဒိသာမဏ္ဍပ်အသီးသီးတွင် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ၊ အချိုရည်များ၊ အဖျော်ယမကာများဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်