မြေပုံမြို့၌ နှစ်သစ်ကူးသင်္ကြန်အကြတ်နေ့တွင် ရေကစားသူများဖြင့် စည်ကား

မြေပုံ ဧပြီ ၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်တွင် ရိုးရာအစဉ်အလာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သော နှစ်သစ်ကူးသင်္ကြန်ပွဲတော်(အကြတ်နေ့) ယမန်နေ့နေ့လယ်ပိုင်းအချိန်မှစ၍ မြေပုံမြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာများ၌ ရခိုင်ရိုးရာရေကစားမဏ္ဍပ်များတွင် ရေကစားသူများဖြင့်စည်ကားလျက် ရှိကြောင်းသိရသည်။

မြို့‌ပေါ်ရပ်ကွက်များ၌လည်း မိမိအိမ်ရှေ့၌ ရေကစားမဏ္ဍပ်ငယ်များပြုလုပ်၍ မော်တော်ယာဉ်များ၊ သုံးဘီးဆိုင်ကယ်များနှင့်ဆိုင်ကယ်များတို့ဖြင့် ပျော်ရွှင်စွာရေပက်ခံထွက်ကြသည့် လမ်းသွား၊ လမ်းလာ ပြည်သူများပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း သိရသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ရခိုင်ရိုးရာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်၌ ရခိုင်ရိုးရာထုံးတန်းစဉ်လာနှင့် လောင်းလှေများတွင်ရေထည့်ပြီး မဏ္ဍပ်အတွင်း၌ ရခိုင်လှပျိုဖြူများက ယဉ်ကျေးပျူငှာစွာ အပြန်အလှန်ရေပက်ခံကြပြီး မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ရေပက်ခံထွက်ကြသူများနှင့် အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာကြသော ရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရှိရသည်။

တင်ဝင်း