သာစည် ဧပြီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အကြတ်နေ့ကို အေးချမ်းပျော်ရွှင်စွာ ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။
သာစည်မြို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံကြီးကြပ်မှု ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်မှုတို့ဖြင့် “ရွှေသာစည်” ဗဟိုမဏ္ဍပ်ကို သာစည်မြို့စည်ပင်သာယာပန်းခြံရှေ့ မိတ္ထီလာ-တောင်ကြီးကားလမ်းဘေးတွင် စီစဉ်ဆောင်ရွက်ခဲ့ပြီး သင်္ကြန်အကြိုနေ့မွန်းလွဲ ၃ နာရီကဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါမဏ္ဍပ်တွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာရေကစားနိုင်ရန်ဆောင်ရွက်ပေးခြင်း၊ စတုဒိသာကျွေးခြင်း၊ ယိမ်းအဖွဲ့များက ကပြဖျော်ဖြေခြင်း၊ တီးဝိုင်းအဖွဲ့က တေးသီချင်းများဖြင့် ဖျော်ဖြေကာ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို အကြို၊ အကျနှင့် အကြတ်နေ့များကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းတွင် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့က လူဦးရေ ၃၀၀ ဦးအတွက် မုန့်လုံးရေပေါ်စတုဒိသာကျွေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်