တိုက်ကြီး ဧပြီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် တန်ခူးလပြည့်ကျော် ၁၁ ရက်၊ ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၅ ရက်(သင်္ကြန်အကြတ်နေ့)၌ ပြည်သူများပျော်ရွှင်စွာရေကစားခြင်း၊ စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်း၊ ကျောင်းကန်ဘုရားများ၌ ဥပုသ်သီလဆောက်တည်ခြင်းတို့ဖြင့် ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းလျက်ရှိကြောင်း သိရသည်။
တိုက်ကြီးမြို့နယ် ဘူတာရပ်ကွက် ရန်ကုန်-ပြည်လမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ယိမ်းအဖွဲ့များက သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေခြင်း၊ မြန်မာ့ဆိုင်းဝိုင်း၊ ခေတ်ပေါ်တေးဂီတအဖွဲ့များကလည်း တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခြင်း၊ စတုဒိသာများ ကျွေးမွေးလှူဒါန်းသဖြင့် လာရောက်ကြည့်ရှုသူ ပြည်သူများ အထူးစည်ကားလျက်ရှိသည်။
အလားတူ တိုက်ကြီးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်/ ကျေးရွာများ၌ မုန့်လုံးရေပေါ်၊ သင်္ကြန်ထမင်းစသည့် ရိုးရာအစားအစာများကိုအစုအဖွဲ့အလိုက် ပြုလုပ်ကျွေးမွေးလှူဒါန်းကြပြီး အုန်းလက်မဏ္ဍပ်ငယ်များဖြင့် ရေကစားခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီများ၌ ဉပုသ်သီလဆောက်တည်ခြင်း တရားဘာဝနာများပွားများခြင်းတို့ဖြင့် မြန်မာ့ရိုးရာမဟာသင်္ကြန်အကြတ်နေ့အား အေးချမ်းပျော်ရွှင်စွာဖြတ်သန်းလျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန် / ဆက်)