နေပြည်တော်၌ မဟာသင်္ကြန် (အကြတ်နေ့)တွင် အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားကြသူများဖြင့် စည်ကား

နေပြည်တော် ဧပြီ ၁၅

၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းမည့် နှစ်သစ်ကူးအခါသမယတွင် မြန်မာ့ရိုးရာ ဓလေ့ထုံးစံများနှင့်အညီ အတာရေသဘင် သင်္ကြန်ပွဲတော်ကို ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ အပန်းဖြေနိုင်ရန် နေပြည်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

ယနေ့ကျရောက်သည့် မဟာသင်္ကြန် (အကြတ်နေ့)တွင် နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန် မဏ္ဍပ်၌ နိုင်ငံကျော်အနုပညာရှင်များ၊ တေးသံရှင်များနှင့် ဝန်ကြီးဌာနများ၊ ခရိုင်/မြို့နယ်များမှ သင်္ကြန်ယိမ်း အကအဖွဲ့များကတေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေ၍ လည်းကောင်း၊ လမ်းလျှောက်သင်္ကြန် အစီအစဉ်ကို ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ နေပြည်တော်မြို့တော်ဝန်မဏ္ဍပ်အနီးမှ စည်ပင် ဧည့်ရိပ်သာ လမ်းဆုံအထိ သနပ်ခါးသင်္ကြန်၊   တိုင်းရင်းသားသင်္ကြန်၊  မြန်မာမှုမပျောက်ပျက်စေရန်နှင့် နိုင်ငံတကာ အဆင့်တန်းမီအလှပြဖျော်ဖြေရေး အစီအစဉ်များနှင့် လူငယ်နှင့်ကလေးငယ်များအတွက် လူငယ်ဂိမ်းသင်္ကြန် အစီအစဉ်များကို ဇုန်လေးဇုန် သတ်မှတ်ကာ  ခေတ်နှင့်အညီ ထည့်သွင်းကျင်းပ လျက်ရှိသည့်အပြင် ဝန်ကြီးဌာန ရေကစား မဏ္ဍပ်များလည်း ပူးပေါင်းပါဝင် ဆင်နွှဲလျက်ရှိပြီး နိုင်ငံကျော် အနုပညာရှင်များကလည်း တေးသီချင်းများဖြင့် ကပြဖျော်ဖြေ၍ လည်းကောင်း၊ နေပြည်တော် ရေပန်းဥယျာဉ်အတွင်းရှိ လမ်းလျှောက် သင်္ကြန်ပွဲတော်တွင်လည်း သင်္ကြန်ချစ်သူများ၊ လာရောက် ရေပက်ခံသူများ၊ ရေကစားကြသူများဖြင့်လည်းကောင်း၊ ဘုရားစေတီ ပုထိုးများ၌ ကုသိုလ်ကောင်းမှု ပြုကြသူများ၊ စတုဒိသာကျွေးမွေး လှူဒါန်းကြသူများနှင့် အပန်းဖြေစခန်းများ၌ လာရောက် အပန်းဖြေကြသူများ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်း မဏ္ဍပ်ငယ်များဆောက်လုပ်၍  ရေပက်ကစားကြသူများဖြင့် စည်ကားလျက်ရှိသည်။

မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာသက္ကရာဇ်နှစ်တစ်နှစ် ကုန်ဆုံးပြီး နှစ်သစ်၏ အေးချမ်းမှုကို ရရှိစေရန်၊ နှစ်ဟောင်းမှအညစ်အကြေးများ ကင်းစင်လွင့်ပျောက်စေပြီး နှစ်သစ်သို့ မပါ လာစေရန် ရည်ရွယ်၍ ရေစင်သွန်းလောင်းကြခြင်းဖြစ်သည်နှင့်အညီမြန်မာ့ဓလေ့ ထုံးတမ်းအစဉ်အလာ နှင့်အညီ ရိုးရာမပျက် ကျင်းပနိုင်ရန်၊ ပြည်သူများကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာဖြင့် ရေသဘင် ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ရန်၊ ပြည်သူများ မိမိတို့ ပင်ပန်းနွမ်းနယ်သမျှကို အတာရေပက်ဖျန်း လန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင် နိုင်ငံတော်၏ တာဝန်များကို စွမ်းအားပြည့် ဆောင်ရွက်နိုင်စေရန်၊ . မြန်မာမူမြန်မာ့ဟန် မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်သာရများဖြင့် နိုင်ငံတစ်ဝန်း စည်ကား သိုက်မြိုက်စွာကျင်းပလျက်ရှိကြောင်း သိရသည်။

အောင်ကို (ပြန်/ဆက်)