ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ လမ်းလျှောက်သင်္ကြန်ပွဲတော်ဖွင့်လှစ်ပေးပြီး ဒေသခံပြည်သူများနှင့်အတူ အတာရေသဘင်ပွဲ အေးချမ်းပျော်ရွှင်စွာဆင်နွှဲ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရေကစားမဏ္ဍပ်သို့ တက်ရောက်အားပေး

မြစ်ကြီးနား     ဧပြီ ၁၅

ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို (သင်္ကြန်အကျနေ့) ဧပြီ ၁၄ ရက် နံနက် ၈ နာရီက လမ်းလျှောက်သင်္ကြန်ကျင်းပပြုလုပ်သည့် ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ဒေသခံပြည်သူအများအပြား ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။

အဆိုပါ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှေ့မှ ဆမားလမ်းဆုံ(ကျောက်စိမ်းတုံးမီးပွိုင့်)အထိ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားကို လမ်းလျှောက်သင်္ကြန်မုဒ်ဦးရှေ့၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ ဇနီးများက လမ်းလျှောက်သင်္ကြန်ပွဲတော်အတွင်း ပါဝင်ဆင်နွှဲလျက်ရှိသည့် ယိမ်းအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများအား အတာရေကိုလိုက်လံဖြန်းပက်ခဲ့ကြကာ လမ်းလျှောက်သင်္ကြန်ပွဲတော်အတွင်း စတုဒိသာမဏ္ဍပ်များဖြင့် တည်ခင်းဧည့်ခံကျွေးမွေးနေမှုနှင့် ဗဟိုမဏ္ဍပ်မှ ခေတ်ပေါ်တေးသီချင်းများ၊ ယိမ်းအကအလှများဖြင့် သီဆိုဖျော်ဖြေနေမှု၊ နံ့သာမဏ္ဍပ်၊ လောင်းလှေများတွင် ရေဖြန်းပက်ကစားနေကြသည့် သင်္ကြန်ချစ်သူပြည်သူများနှင့်အတူ အတူတကွ ပျော်ရွှင်စွာဆင်နွှဲခဲ့ကြပြီး ဗဟိုမဏ္ဍပ်၌ ယိမ်းအကအလှများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရေကစားမဏ္ဍပ်သို့တက်ရောက်ပြီး တိုင်းမှူးဗိုလ်ချုပ်ကိုကိုမောင်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ တပ်နယ်မိသားစုဝင်များနှင့်အတူ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မဏ္ဍပ်၌ ယိမ်းအကအလှများဖြင့် သီဆိုဖျော်ဖြေမှု၊ နိုင်ငံကျော်တေးသံရှင်များ၏ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆို ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး စတုဒိသာမဏ္ဍပ်များ၌ ဧည့်ခံကျွေးမွေးနေမှုများကို အားပေးခဲ့ကြကာ ယိမ်းအကအဖွဲ့များအတွက် ချီးမြှင့်ငွေများ ချီးမြှင့်ပေးအပ်ကာ တပ်နယ်မိသားစုများနှင့်အတူ အတာရေသဘင်ပွဲတော်ကို အတူတကွ ပျော်ရွှင်စွာဆင်နွှဲခဲ့ကြသည်။

ထို့မှတစ်ဆင့် မြစ်ကြီးနားမြို့ ဆမားလမ်းပေါ်ရှိ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ၏ ရေကစားမဏ္ဍပ်(၆)ခု၌ ယိမ်းအကအလှများ၊ ခေတ်ပေါ်တေးသီချင်းသီဆိုမှုများနှင့်အတူ စည်ကားသိုက်မြိုက် စွာကျင်းပနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ဒေသခံပြည်သူများနှင့်အတူ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

အလားတူ မြစ်ကြီးနားမြို့၌ ညနေပိုင်းတွင်လည်း မဟာသင်္ကြန်ပွဲတော်ကို ဗဟိုမဏ္ဍပ်နှင့်ရေကစားမဏ္ဍပ်များတွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိပြီး ညပိုင်းတွင်လည်း ဗဟိုမဏ္ဍပ်၌ ယိမ်းအကအလှပြိုင်ပွဲများ ကျင်းပပြုလုပ်သဖြင့် သင်္ကြန်ချစ်သူများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်