၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာသင်္ကြန်အကြတ်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၌ အတာရေပက်ကစားသူများ၊ ဖျော်ဖြေရေး၊ ယိမ်းအက၊ စတုဒိသာများဧည့်ခံခြင်းဖြင့် စည်ကား

သင်္ဃန်းကျွန်း ဧပြီ ၁၅

၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာသင်္ကြန်အကြတ်နေ့တွင် သင်္ကြန်ချစ်သူ ပြည်သူများသည် မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့်အညီ အစဉ်အလာအမွေအနှစ်ကောင်းများကို ထိန်းသိမ်းကာ အတာရေပက်ကစားကြသူများ၊ ရေပက်ခံထွက်သူများ၊ ယိမ်းအက၊ ‌ဖျော်ဖြေရေး သင်္ကြန်သီချင်းနှင့်ခေတ်ပေါ်သီချင်းများသီဆိုကာ မြူးထူးပျော်ရွှင်စွာဖြင့် ရေကစားလျက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ မြို့နယ်‌ဗဟို(Royal Thingyan) ရေကစားမဏ္ဍပ်ရှေ့နှင့် မြို့နယ်အတွင်းရှိ သင်္ကြန်ရေကစားမဏ္ဍပ်များတို့၌ စည်ကားလျက်ရှိသည်။

အဆိုပါ Royal Thingyan ရေကစားမဏ္ဍပ်၌ လမ်းလျှောက်သင်္ကြန်ပါဝင်ပြီး သင်္ဃန်းကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ပြီးဖွင့်လှစ်ခဲ့ကာ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်များမှတာဝန်ရှိသူများက စတုဒိသာကျွေးခြင်းများဖြင့်‌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး ယိမ်းလှပျိုဖြူများမှက‌ပြ‌ ဖျော်ဖြေခြင်း၊ တေးသံရှင်များ၊ သီချင်းဝါသနာရှင်များမှ သီဆိုဖျော်ဖြေခြင်းတို့ပြုလုပ်ကြပြီး အတာရေသဘင်ပွဲကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။ 

Royal Thingyan ရေကစားမဏ္ဍပ်ကို ဦးဘဟန်လမ်းရှိ သင်္ဃန်းကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရှေ့တွင်ဆောက်လုပ်ထားပြီးမဟာသင်္ကြန်ရက်များတွင် ပြည်သူများလွတ်လပ်ပျော်ရွှင်စွာ ရေကစားအပန်းဖြေနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များက ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)