မူဆယ် အောက်တိုဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ၁၀၅မိုင်(မိုင်းယု)ကျေးရွာ၌ ဖွင့်လှစ်ရောင်းချ လျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ပါဆယ်(Take away) စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိကို ကျေးလက်ကျန်းမာရေးဌာနနှင့် ပူးပေါင်းအဖွဲ့များမှ ယမန်နေ့နံနက်ပိုင်း တွင် ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ၁၀၅မိုင်(မိုင်းယု)ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာ ရေးမှူးဦးဇော်မင်းထွန်းနှင့်အဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးဦးမောင်ဆိုင်၊ ရပ်ကျေးစာရေး၊ ပါရမီလူမှု ကူညီရေးအသင်းဥက္ကဋ္ဌ ဦးကျော်သန်းနှင့် အဖွဲ့ဝင်များ၊ အရံမီးသတ်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် အများပြည်သူအတွက် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များအနေဖြင့် ဈေးရောင်း ဈေးဝယ်ခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့် ရောင်းချကြရန်၊ ထိုလမ်းညွှန်ချက်များကို မလိုက်နာပါက ဈေးရောင်းသူနှင့် ဈေးဝယ်သူများ အကြား ရောဂါကူးစက်မှုများမှတစ်ဆင့် အတူနေ မိသားစု များသို့ အဆင့်ဆင့်ကူးစက်ပျံနှံ့မှုများဖြစ်ပွားနိုင်ကြောင်း၊ သို့ဖြစ်ပါ၍ လမ်းညွှန်ချက်များကို တိကျစွာလိုက်နာရန်နှင့် ပါဆယ် (Take away)စနစ်ဖြင့်သာ ရောင်းချရန်တို့ကို အသိပေးပြောကြားခဲ့သည်။
အဆိုပါစားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ဖွင့်လှစ်ရောင်း ချခြင်းကို ယာယီပိတ်သိမ်းပြီး ပါဆယ်(Take away)စနစ်ဖြင့် ရောင်းချစေခြင်းကို စက်တင်ဘာလ (၂၅)ရက်နေ့က မူဆယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လိုက်လံအသိပေးထားရှိခြင်းကို ဆောင်ရွက်ပြီး ဖြစ်သောကြောင့် ယနေ့တွင် သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်ထားခြင်း ရှိ/မရှိကို လိုက်လံကွင်းဆင်း စစ်ဆေးခြင်းဖြစ်ကြောင်း၊ အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်းနှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံအတွင်းရှိ ကုန်တင်ကုန်ချဝန်ထမ်း များအတွက် လည်းကောင်း၊ ဈေးသို့လာရောက်သည့် ဒေသခံပြည်သူများအနက် Mask တပ်ဆင်မထားသူများအား အခမဲ့ဝေငှပေးသည့် Mask Campaign ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၁၀၅မိုင်(မိုင်းယု)ကျေးရွာသည် မြန်မာပြည်အနှံမှ လာရောက်သည့် ကုန်တင်ကားကြီးများ အဝင်/ အထွက် ပြုလုပ်သည့် ကုန်သွယ်ရေးဇုံကြီးတည်ရှိနေခြင်းကြောင့် မိမိတို့ဒေသခံပြည်သူများကို ကိုဗစ်- ၁၉ ရောဂါ ကူးစက်ခြင်းမှ ကာကွယ်ရန် ဌာနဆိုင်ရာများ၊ ပရဟိတအသင်းများ၊ လူမှုကူညီရေးအသင်းများ၊ မီးသတ်၊ ကြက်ခြေနီအသင်းများသည် ကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။
စန္ဒာ(ပြန်/ဆက်)