ညောင်ရွှေ ဧပြီ ၁၅
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အင်းလေးရေပေါ်သင်္ကြန်တွင် မဟာသင်္ကြန်အကျနေ့၌ ခရီးသွားဧည့်သည်များ၊ ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အင်းလေးရေပေါ်သင်္ကြန် ဒုတိယနေ့တွင် ရေကစားမဏ္ဍပ်တည်ရှိရာ အင်းပေါခုံကျေးရွာအနီးရှိ ရေပြင်နှင့် ခေတ်ဆန်းယဉ်ရေကစားမဏ္ဍပ်၌ နံနက် ၉ နာရီမှစတင်၍ ခရီးသွားဧည့်သည်များ၊ ရေကစားသူများဖြင့် စည်ကားလျက်ရှိသည့်အပြင် မဏ္ဍပ်ပေါ်တွင်လည်း ယိမ်း အကအဖွဲ့များ၊ တေးသံရှင်များမှ တေးသံသာများဖြင့် ကပြသီဆို ဖျော်ဖြေခဲ့ကြသည်။ အင်းလေးရေပေါ်သင်္ကြန်တွင် ရေကစားသူများသည် စက်လှေများပေါ်မှလည်းကောင်း၊ ရေကစားမဏ္ဍပ်ပေါ်မှ လည်းကောင်း၊ သတ်မှတ်ထားရာနေရာများမှနေ၍ အေးချမ်းပေါ်ရွှင်စွာ ရေကစားခဲ့ကြသည်။
အင်းလေးဒေသသည် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာ နေရာဒေသတစ်ခုဖြစ်သည်နှင့်အညီ အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ကို ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အစီအစဉ်အဖြစ် ယခုနှစ်တွင် ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
နေမျိုးသူရိန်