သထုံ ဧပြီ ၁၄
မွန်ပြည်နယ်၊ သထုံမြို့တွင် ယခုနှစ်မဟာအတာသင်္ကြန်ပွဲတော် အကျနေ့၌ ပြည်သူများ ပျော်ရွှင်စွာရေကစားခြင်း၊ စတုဒီသာများ ကျွေးမွေးလှူဒါန်းခြင်း၊ ကျောင်းကန်ဘုရားများ၌ ဥပုသ်သီလဆောက်တည်ခြင်းတို့ဖြင့် ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းခဲ့ကြကြောင်း သိရသည်။
သထုံမြို့နယ်အတွင်း ယခုနှစ်မဟာသင်္ကြန်ပွဲတော်တွင် ပထမဆုံးအကြိမ်အဖြစ် လမ်းလျှောက်သင်္ကြန်ပွဲတော် ထည့်သွင်းကျင်းပနေပြီး ပြည်သူများ ပျော်ရွှင်စွာ လာရောက်ဆင်နွှဲကြရာ လမ်းလျှောက်သင်္ကြန်ပွဲ လာရောက်သူများအား ရပ်ကွက်အလိုက် စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
အလားတူ မြို့ပေါ်ရပ်ကွက်များ၌ မုန့်လုံးရေပေါ်၊ သင်္ကြန်ထမင်းစသည့် ရိုးရာအစားအစာများကို အစုအဖွဲ့အလိုက် ပြုလုပ်ကျွေးမွေးလှူဒါန်းကြပြီး အုန်းလက်မဏ္ဍပ်ငယ်များဖြင့် ရေကစားခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီများ၌ ဥပုသ်သီလဆောက်တည်ခြင်း တရားဘာဝနာများ ပွားများခြင်းတို့ဖြင့် မြန်မာ့ရိုးရာမဟာသင်္ကြန် အကျနေ့အား အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)