မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း မုဒုံမြို့နယ်ဗဟိုမဏ္ဍပ်၌ ယိမ်းအဖွဲ့ဝင်များ ကပြဖျော်ဖြေမှုအားကြည့်ရှုအားပေး

မုဒုံ       ဧပြီ      ၁၅

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ဗဟိုရေကစားမဏ္ဍပ်တွင် ၁၃၈၄ ခုနှစ် မြန်မာရိုးရာယဥ်ကျေးမှု အတာသင်္ကြန်ပွဲတော် ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေပက်ကစားနေမှုနှင့် ယိမ်းအဖွဲ့ဝင်များ ကပြဖျော်ဖြေမှုတို့ကို ယမန်နေ့ မွန်းလွဲ  ၂:၃၀ နာရီက မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ ယိမ်းအဖွဲ့ဝင်များမှ  ကြိုဆိုခဲ့ကြသည်။

ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ကို ပညာရေးဌာနယိမ်းအဖွဲ့၊ မြို့မ ၁ ယိမ်းအဖွဲ့၊ မြို့မ ၂ ယိမ်းအဖွဲ့၊ မြို့မ ၃ ယိမ်းအဖွဲ့ဝင်များမှ မာန်တောင်ရိပ်ခိုတေးသီချင်း၊ သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေကြသည်။ ယင်းနောက် ယိမ်းအဖွဲ့ဝင်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အမွှေးနံ့သာရည်များဖြင့်  ပက်ဖျန်းပေးခဲ့ကာ  ယိမ်းအဖွဲ့များအား  ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ မုဒုံမြို့နယ်နေ တေးချစ်သူဝါသနာရှင်တို့က တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကပြခဲ့ပြီး မြို့နယ်ဗဟိုမဏ္ဍပ်တွင် ဒေသခံပြည်သူများအား ခေါက်ဆွဲကြော်စတုဒိသာများဖြင့် ကျွေးမွေးလှူဒါန်းသည်။ မုဒုံမြို့နယ် ဗဟိုရေကစားမဏ္ဍပ်အား  အတာသင်္ကြန်အကြိုနေ့မှစ၍  အတတ်နေ့အထိ ယိမ်းအဖွဲ့ဝင်များ၊ တေးချစ်သူဝါသနာရှင်များတို့က သီဆိုကပြဖျော်ဖြေသွားမည်ဖြစ်ရာ နေ့စဥ်စတုဒိသာများဖြင့် ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ကြောင်း ၊ မြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာများတွင်လည်း မဏ္ဍပ်ငယ်များတည်ဆောက်ကာ  မြန်မာ့ရိုးရာယဥ်ကျေးမှု အတာသင်္ကြန်ရေသဘင်ပွဲတော်ကို ပြည်သူများ ရိုးရာမပျတ်ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။  ထို့အပြင် ​မုဒုံမြို့နယ်၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးပူဇော်ပွဲ၊ ငါးလွှတ်ပွဲ၊ နှစ်ဦးပရိတ်တရားတော်နာယူပွဲနှင့် မုဒုံမြို့ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်တွင် ဆီမီး ၉၀၀၀ ပန်း ၉၀၀၀ ပူဇော်ပွဲတို့ကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)