ပြင်ဦးလွင် ဧပြီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ပွဲကောက်ရေတံခွန်နှင့် ဒီဇင်ဘာအပန်းဖြေဉယျာဉ်စခန်းတို့တွင် နှစ်သစ်ကိုကြိုဆိုရင်း ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများသည် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလတွင် လာရောက်လည်ပတ်အပန်းဖြေလျက်ရှိကြသည်။
ခရီးသွားပြည်သူများသည် ပြင်ဦးလွင်မြို့ရှိ မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီးအား ဦးစွာဖူးမျှော်ကာ နှစ်သစ်အတွက် မိမိတို့၏ကောင်းမွန်သော အလှူဒါနနှင့်အတူ လိုရာဆုတောင်းပြီး ပြင်ဦးလွင်မြို့ရှိ အပန်းဖြေဉယျာဉ်များဖြစ်သည့် ပွဲကောက်ရေတံခွန်နှင့် ဒီဇင်ဘာအပန်းဖြေဉယျာဉ်စခန်းတို့တွင် မိသားစုနှင့်အတူ လက်ဆုံထမင်းစားပြီး တစ်နှစ်တာရဲ့ ပင်ပန်းနွမ်းနယ်မှုများကို အပန်းဖြေလျက် နှစ်သစ်ကိုကြိုဆိုကြသည် ။
ယခုလို မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလ နှစ်သစ်ကိုကြိုဆိုရင်း မိသားစုနှင့်အတူ မြန်မာနိုင်ငံ၏ခရီးသွားမြို့တော်ဖြစ်သည့် ပြင်ဦးလွင်မြို့(ပန်းမြို့တော်)ရှိ တန်ခိုးကြီးဘုရားများနှင့် အပန်းဖြေဉယျာဉ်အတွင်းသို့ လာရောက်လည်ပတ်ရသည့်အတွက် လည်ပတ်သူတို့ စိတ်ကို လန်းဆန်းစေခြင်း၊ နှစ်သစ်အတွက် အားမာန်အပြည့်ရှိခြင်း ၊ ဒေသထွက်ပစ္စည်းများကို အလွယ်တကူ ရရှိသဖြင့် အလွန်ပင်ဝမ်းသာပီတိဖြစ်နေကြသည်ကို မြင်တွေ့ရပါကြောင်းနှင့် ဒီဇင်ဘာ အပန်းဖြေဉယျာဉ်စခန်းတွင် တစ်နေ့လျှင် အပန်းဖြေဝင်ရောက်သူ ဦးရေ ၂၀၀၀ နီးပါးလောက်ရှိပါကြောင်း တာဝန်ရှိသူတစ်ဉီး၏ ပြောကြားချက်အရ သိရှိရသည် ။
ခရိုင်(ပြန်/ဆက်)