ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် သင်္ကြန်ရက်အတွင်း ဘုရားဖူးလာရောက်မှုများပြား

ကျောက်ပန်းတောင်း  ဧပြီ  ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားကျေးရွာအုပ်စုရှိ ပုပ္ပားတောင်ကလပ်တွင် သင်္ကြန်ကာလ ရက်ရှည်ရုံးပိတ်ရက်ကြောင့် ဘုရားဖူးများ လာရောက်မှုများပြားလျက်ရှိပြီး၊ ဒေသခံဈေးသည်များလည်း ရောင်းဝယ်မှုလုပ်ငန်းများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပုပ္ပားတောင်ကလပ်သည် အညာမြေ၏ အိုအေးစစ်တစ်ခုဖြစ်ပြီး၊ ပူလောင်ပြင်းပြလှသည့် အညာဒေသအလယ်တွင် သဘာဝတောတောင် စိမ့်စမ်းများကြောင့် ပြည်တွင်း/ပြည်ပခရီးသွားများ စိတ်ပါဝင်စားစွာ လာရောက်လေ့ရှိသည့်နည်းတူ၊  ပွင်းလင်းရာသီကာလဖြစ်သည့် ယခုလို ရက်ရှည်ရုံးပိတ်သည့် မဟာသင်္ကြန်အခါသမယမျိုးတွင် အနယ်နယ်အရပ်ရပ်မှ ပြည်တွင်းဘုရားဖူးများက ရွှေစက်တော်ဘုရားဖူးရာမှ လည်းကောင်း၊ ပုဂံဘုရားဖူးရာမှလည်းကောင်း ပုပ္ပားသို့ရောက်အောင်ဝင်၍ ဘုရားဖူးရင်း အပန်းဖြေလေ့ရှိ သည့် နေရာတစ်ခုဖြစ်ပေသည်။ ထို့အပြင် ပုပ္ပားတောင်ကလပ်သည် ဘိုးတော်အောင်မင်းခေါင်၏ ဘဝဖြစ်စဉ် တစ်စိတ်တစ်ပိုင်းနှင့်ဆက်စပ်နေပြီး၊ ထွက်ရပ်ပေါက်အောင်မြေနင်းရာဒေသတစ်ခု အဖြစ် ယုံကြည် ကိုးကွယ်သူများက တကူးတကလာရောက်၍ ပူဇော်ပသခြင်းများ ဆောင်ရွက်လေ့ရှိကြရာ၊ နှစ်စဉ်နှစ်တိုင်း ဘိုးတော်ထွက်ပွဲရက်ဟု လူသိများသည့် ဘိုးတော်အောင်မင်းခေါင် ခန္ဓာဝန်ချသည့် တော်သလင်းလ ပြည့်ကျော်(၂)ရက်နေ့ကို ထွက်ရပ်ပေါက်သည် ဟု သတ်မှတ်ယူ၍ နှစ်စဉ်နှစ်တိုင်း အဆိုပါရက်မတိုင်မီ တစ်ပတ်ခန့်မှစ၍ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများနှင့် ယုံကြည် ကိုးကွယ်သူများ စုဝေးရောက်ရှိကာ စည်ကားသိုက်မြိုက်လေ့ရှိရာ၊ ဘိုးတော်ထွက်ပွဲရက်နှင့်သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလ တိုင်း တောင်ကလပ် တွင် ဘုရားဖူးဝင်ရောက်မှုများပြားပြီး ဒေသခံဈေးသည်များဖြစ်သည့် သဘာဝသစ်ဥသစ်ဖု ရှာဖွေရောင်း ချသူများ၊ မျောက်စာရောင်းချသူများ၊ ငှက်ပျောဖီး/အုန်းသီး စသည့် ကန်တော့ပွဲပြုပြင်ရောင်းချသူများ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ အရောင်းအဝယ်ကောင်းကြပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြကြောင်း သိရသည်။

“ဒီရက်ပိုင်းမှာတော့ သင်္ကြန်ကာလ ရက်ရှည်ရုံးပိတ်ရက်ဖြစ်နေတော့ ဘုရားဖူးဝင်ရောက်မှုက တော်တော်များပါတယ်ဗျ…။ တစ်နေ့ တစ်နေ့ကို ပျမ်းမျှပေါ့လေ…မှတ်တမ်းကတော့ ရှိပါတယ်…တစ်ရက်ကို ဦးရေ ၂၅၀၀ နဲ့ ၃၀၀၀ကြားမှာ ရှိပါတယ်..။ကျွန်တော်တို့ တောင် ကလပ် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့အနေနဲ့ ကတော့ တောင်အောက်၊ တောင်အလယ်၊ တောင်ထိပ် စသည်ဖြင့်ပေါ့ လူအင်အားခွဲပြီး ရုံးအဖွဲ့ဝင်ဝန်ထမ်း တွေနဲ့ ဘုရားဖူးပြည်သူများလုံခြုံရေးနှင့် စည်းကမ်းထိန်း သိမ်းရေးကို အချိန်ပြည့် ဆောင်ရွက်ပေးလျက်ရှိပါတယ် အထူးသဖြင့်တော့် ဘုရားဖူးတွေအတက်အဆင်းမှာ လမ်းကျင်တဲ့ သံလှေကားလိုနေရာတွေ.. ဈေးဆိုင်တန်းလိုနေရာတွေကို အဓိကထားပြီးလုံခြုံရေး စောင့်ရှောက်မှုပေးနေပါတယ်… ဘုရားဖူး အဝင်များတော့ ဒေသခံဈေးသည်တွေလည်း အဆင်ပြေကြတာပေါ့ဗျာ…” ဟု တောင်ကလပ် ဘဏ္ဍာ တော်ထိန်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့်ထံမှ သိရသည်။

နေအောင်