ကျောက်ဖြူမြို့တွင် မဟာသင်္ကြန်အကျနေ့(ပထမနေ့)၌ ရေပက်ခံထွက်သူများ၊ ရေပက်ကစားကြသူများဖြင့် အထူးစည်ကား

ကျောက်ဖြူ   ဧပြီ  ၁၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ နှစ်သစ်ကူးမဟာသင်္ကြန်အကျနေ့ နံနက် ၉ နာရီမှစ၍  ရေပက်ခံထွက်သူများ၊ ရေပက်ကစားကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

ကျောက်ဖြူမြို့တွင် မဟာသင်္ကြန်နှစ်သစ်ကူးကာလ သင်္ကြန်အကျနေ့၌ ဗဟိုမဏ္ဍပ်တွင်သင်္ကြန်ယိမ်းအကအလှပြိုင်ပွဲများ၊ ခေတ်ပေါ်တေးဂီတများနှင့်အတူ ရခိုင်အဆိုတော် တေးသံရှင်များ၊ ယိမ်းအကအဖွဲ့များမှ ကပြဖျော်ဖြေတင်ဆက်ခြင်း၊ သင်္ကြန်ချစ်သူများနှင့် ရေကစားကြသူများကို စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခြင်းများအပြင် ရပ်ကွက်အသီးသီးတွင်လည်း မဏ္ဍပ်ကြီးများဆောက်လုပ်၍လည်းကောင်း၊ နေအိမ်ရှေ့များတွင် ရခိုင်ရိုးရာ ဓနိလက်များဖြင့် မဏ္ဍပ်ငယ်များဆောက်လုပ်ပြီး မိသားစုများ၊ အသင်းအဖွဲ့များ၊ မိတ်ဆွေသူငယ်ချင်းများစုပေါင်း၍လည်းကောင်း ရေပက်ခံထွက်သူများအား ရေပက်ကစားကာ အထူးစည်ကားလျက်ရှိသည်။

“သင်္ကြန်အကျ ပထမနေ့တွင် မြို့ပေါ်ရပ်ကွက်များ၌ မဏ္ဍပ်ကြီး၊ မဏ္ဍပ်ငယ်များဆောက်လုပ်ပြီး ရေပက်ကြသူများမှာ ယခင်နှစ်များထက်အထူးများပြားကြောင်း၊ ရေပက်ခံထွက်သူများမှာလည်း နံနက် ၉ နာရီမှစတင်ကာ လမ်းမတန်းများနှင့်မဏ္ဍပ်များတွင် တိုးမပေါက်အောင်  အထူးလူစည်ကားလျက်ရှိကြောင်း” ရေပက်ခံထွက်သူ ဒေသခံတစ်ဦးကပြောကြားသည်။

ကျောက်ဖြူမြို့တွင်  မြို့ပေါ်ရပ်ကွက်များ၍ ရေပက်ခံမဏ္ဍပ် ၈၀ ကျော်ခန့်ရှိပြီး မြို့ပေါ်ရပ်ကွက်နေပြည်သူများအပြင် အခြားနီးစပ်ရာမြို့နယ်နှင့် ပြည်ပမှဧည့်သည်များပါကားများ၊ ဆိုင်ကယ်များဖြင့်လာရောက်ကာ ရေပက်ခံထွက်ပြီး အေးချမ်းပျော်ရွှင်စွာဖြင့် ရေကစားလျက်ရှိကြောင်း သိရသည်။

တင်ထွန်းဦး(ပြန်/ဆက်)