မဟာသင်္ကြန် (အ​ကျနေ့)တွင် နေပြည်တော်ရှိ မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့၌ အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားကြသူများဖြင့်စည်ကား

နေပြည်တော် ဧပြီ ၁၅

၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းမည့် နှစ်သစ်ကူးအခါသမယတွင် မြန်မာ့ရိုးရာ ဓလေ့ထုံးစံများနှင့်အညီ အတာရေသဘင် သင်္ကြန်ပွဲတော်ကို ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ အပန်းဖြေနိုင်ရန် နေပြည်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

ယနေ့ကျရောက်သည့် မဟာသင်္ကြန် (ကျနေ့) တွင် နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်၌ မြန်မာ့အသံခေတ်ပေါ် တေးဂီတအဖွဲ့နှင့် တွဲဖက်၍ နိုင်ငံကျော် အနုပညာရှင်များ၊ တေးသံရှင်များနှင့် ဝန်ကြီးဌာနများ၊ ခရိုင်/မြို့နယ်များမှ သင်္ကြန်ယိမ်းအက အဖွဲ့များက ပရိသတ်အကြိုက် တေးသီချင်းများ ဖြင့် သီဆိုကပြဖျော်ဖြေ၍ လည်းကောင်း၊လမ်းလျှောက်သင်္ကြန်အစီအစဉ်ကို ပျဉ်းမနား-တောင်ညို လမ်းပေါ်ရှိ နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာ လမ်းဆုံအထိ သနပ်ခါးသင်္ကြန်၊   တိုင်းရင်းသားသင်္ကြန်၊  မြန်မာမှုမပျောက်ပျက်စေရန်နှင့် နိုင်ငံတကာအဆင့်တန်းမီအလှပြဖျော်ဖြေရေး အစီအစဉ်များနှင့် လူငယ်နှင့် ကလေးငယ်များအတွက် လူငယ်ဂိမ်းသင်္ကြန်အစီအစဉ်များကို ဇုန်လေးဇုန် သတ်မှတ်ကာ ခေတ်နှင့်အညီ ထည့်သွင်းကျင်းပလျက်ရှိသည့်အပြင် ဝန်ကြီးဌာနရေကစားမဏ္ဍပ်များ လည်း ပူးပေါင်းပါဝင် ဆင်နွှဲလျက်ရှိပြီးနိုင်ငံကျော်အနုပညာရှင်များကလည်း တေးသီးချင်းများဖြင့် ကပြဖျော်ဖြေ၍လည်းကောင်း၊ နေပြည် တော်ရေပန်း ဥယျာဉ်အတွင်းရှိ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင်လည်း သင်္ကြန်ချစ်သူများ၊ လာရောက်ရေပက်ခံသူများ၊ ရေကစားကြသူများဖြင့် စည်ကားလျက်ရှိ သည်။

မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာသက္ကရာဇ်နှစ်တစ်နှစ် ကုန်ဆုံးပြီး နှစ်သစ်၏ အေးချမ်းမှုကိုရရှိစေရန်၊ နှစ်ဟောင်းမှအညစ်အကြေးများ ကင်းစင်လွင့်ပျောက်စေပြီး နှစ်သစ်သို့ မပါလာစေရန် ရည်ရွယ်၍ ရေစင်သွန်းလောင်းကြခြင်း ဖြစ်သည်နှင့်အညီမြန်မာ့ဓလေ့ ထုံးတမ်းအစဉ် အလာနှင့်အညီ ရိုးရာမပျက် ကျင်းပနိုင်ရန်၊ ပြည်သူများကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ရန်၊ ပြည်သူများ မိမိတို့ ပင်ပန်းနွမ်းနယ်သမျှ ကို အတာရေပက်ဖျန်း လန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင် နိုင်ငံတော်၏ တာဝန်များကို စွမ်းအားပြည့် ဆောင်ရွက်နိုင်စေရန်၊ မြန်မာမူမြန်မာ့ဟန် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနှစ်သာရများဖြင့် နိုင်ငံတစ်ဝန်း စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

အောင်ကို (ပြန်/ဆက်)