ဝိုင်းမော် ဧပြီ ၁၄
မြန်မာတိုင်းရင်းသားတို့၏ နှစ်သစ်ကူးမြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို မြန်မာနိုင်ငံတစ်ဝန်းရှိ အမြို့မြို့အနယ်နယ်တွင် ကျင်းပပြုလုပ်လျက်ရှိရာ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ ညနေ ၅ နာရီက ဝိုင်းမော်မြို့နယ် ရပ်ကွက်(၁)မြို့နယ်လမ်းဦးစီးဌာနရုံးရှေ့ရှိ ဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းဦးနှင့် တာဝန်ရှိသူများက ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးရာ တက်ရောက်လာသည့် ယိမ်းအကအဖွဲ့များမှ လှပျိုဖြူလေးများက “မန်းတောင်ရိပ်ခို”တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေခဲ့ပြီး တာဝန်ရှိ သူများကယိမ်းအကအဖွဲ့ လှပျိုဖြူများနှင့် တက်ရောက်လာသူများအား အမွှေးနံ့သာရေများဖြင့် ပက်ဖျန်းပေးခဲ့ကြပြီး ယိမ်းအကအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
ဝိုင်းမော်မြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလအတွင်း ယိမ်းအကအဖွဲ့များမှ နေ့စဉ်ဖျော်ဖြေတင်ဆက် ကပြသွားမည်ဖြစ်ကာ ရေလောင်းရေပက်ကစားသူများအား အေးချမ်းပျော်ရွှင်စွာရေကစားနိုင်ရေးတာဝန်ရှိသူများက လိုအပ်ချက်များအလိုက် စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။
ဖြူစင်