မိုင်းယောင်း ဧပြီ ၁၄
သင်္ကြန်အကျနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင်ဘုရားစေတီများ၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်များ၌ ရပ်နီးရပ်ဝေးမှ ခရီးသွားပြည်သူများနှင့် ဘုရားဖူးသူများ၊ ပျော်ရွှင်စွာ ရေပက်ကစားသူများ များပြားလျက်ရှိသည်။
“ကိုဗစ်ဖြစ်နေတာကလည်း နှစ်နှစ်ကျော် သုံးနှစ်ရှိပြီဆိုတဲ့အတွက်ကြောင့် သင်္ကြန်ပွဲနဲ့ အကပဒေသာလည်း မလုပ်ဖြစ်တာကြာပါပြီ၊ ဒါပေမဲ့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့အခုသင်္ကြန်ပွဲလည်းရှိပြီပေါ့နော်၊ ပြည်သူတွေလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ အတာရေပက်ကစားနေကြပြီ ဒါတွေကိုမြင်ရတော့ ဝမ်းသာပျော်ရွှင်မိပါတယ်။ နောက်ပြီးဒီနှစ် မဟာသင်္ကြန်ရုံးပိတ်ရက်မှာ မိသားစုနဲ့အတူ တန်ခိုးကြီးဘုရားနဲ့ အထင်ကရနေရာတွေကို သွားရောက်လည်ပတ် ဖူးမြော်ကုသိုလ်ပြုခွင့်ရလို့လည်း အလွန်ပီတိဖြစ်မိပါတယ်” ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၊ ရပ်ကွက်/ကျေးရွာများရှိ ရေကစားမဏ္ဍပ်များ၌ သင်္ကြန်ယိမ်းအဖွဲ့များ၊ ရေကစားနေသူများနှင့် ရေပက်ခံနေသူများ၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ထပ်လုံစေတီတော်နှင့် စေတီတော်ရင်ပြင်ရှိ ရွှေလျောင်းတော်မူဘုရား၊ သမိုင်းဝင် ဗောဓိရွှေညောင်ပင်၊ ကိုရင်ကြီးတောရကျောင်းနှင့် မြို့လယ်ရှိ ဟိုခုံပရိယတ္တိစာသင်တိုက်တို့တွင် ဒေသခံဘုရားဖူးပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးသူများနှင့် ကုသိုလ်ပြုသူများ၊ လော့ငိုးကြိုးတံတားနှင့် နမ့်ယောင်းချောင်း၊ ပုံချိုချောင်းတို့တွင် မဟာသင်္ကြန်ကာလရေကစားအပန်းဖြေလည်ပတ်သူ များပြားလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း