မုံးကိုး ဧပြီ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကိုယမန်နေ့ ညနေ(၄)နာရီအချိန်က မုံးကိုးမြို့ စည်ပင်သာယာဈေးလမ်းဆုံ ဗဟိုမဏ္ဍပ်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးလျန်ရှင်မုန်းက မြန်မာ့ယဉ်ကျေးမှု အစဉ်အလာတစ်ရပ်အနေဖြင့် နှစ်စဉ်ကျင်းပလျက်ရှိသော မဟာသင်္ကြန်ပွဲတော် ကိုပျော်ရွှင်စွာဆင်နွဲကြကြောင်း၊ မြန်မာတစ်နိုင်ငံလုံးသာမက နိုင်ငံအသီးသီးမှ လူမျိုးအသီးသီးတို့သည် ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့်အညီ နှစ်သစ်ကူးပွဲတော်များ ကျင်းပရာတွင် မိမိတို့မြန်မာလူမျိုးများသည် နှစ်ဟောင်းမှနှစ်သစ်ကို ကူးပြောင်းချိန်၌ မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို ကျင်းပကြကြောင်း၊ မြန်မာ့ဓလေ့ထုံးတမ်းအစဉ် အလာများနှင့်အညီ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းရန်၊ ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော်တွင် ပါဝင်ဆင်နွှဲရန်နှင့် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ အလှူဒါနပြုခြင်းစသည့် မင်္ဂလာအပေါင်းပြည့်စုံစွာဖြင့် နှစ်သစ်ကိုအတူတကွ ကြိုဆိုကြရမည်ဖြစ်ပါကြောင်းနှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။
ထို့နောက်မြို့အုပ်ချုပ်ရေးမှူး၊ မုံးကိုးနယ်မြေရဲစခန်းမှူး၊ ကချင်ယဉ်ကျေးမှုအဖွဲ့ဉက္ကဋ္ဌ၊ ကွတ်ခိုင်ပြည်သူ့စစ်အဖွဲ့တို့က မဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ယိမ်းအဖွဲ့များက တေးသီချင်းများဖြင့်ကပြ ဖျော်ဖြေခြင်းနှင့် တက်ရောက်လာကြသည့် ပရိသတ်များအား မင်္ဂလာရေစင်ဖျန်းပက်၍ ပျော်ရွှင်စွာရေကစားကြသည်။ ယင်းနောက်သင်္ကြန်ယိမ်းအကများ၊ သင်္ကြန်သီချင်းများဖြင့် ဖျော်ဖြေကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မုံးကိုး(ပြန်/ဆက်)