ဒေါ့ဖုန်းယန် ဧပြီ ၁၃
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၁၃ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာအရှေ့ ဗန်းမော်-မြစ်ကြီးနား ကားလမ်းဘေးတွင် ကျင်းပရာ မြို့အုပ်ချုပ်ရေးမှူး ဦးဌေးလင်းနှင့်ဇနီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိ/ရပ်ဖများ၊ ဌာနဆိုင်ရာယိမ်းအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာယိမ်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဌေးလင်းက မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး အတာသင်္ကြန်ပွဲတော် အဖွင့်သီချင်းဖြင့် မန်းတောင်ရိပ်ခိုသီချင်းအား ဌာနဆိုင်ရာယိမ်းအဖွဲ့၊ ရပ်ကွက်/ကျေးရွာများမှ ရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ သင်္ကြန်ယိမ်းအဖွဲ့များ၏ လှပျိုဖြူလေးများက အကအလှများဖြင့်ဖျော်ဖြေတင်ဆက်ရာ တက်ရောက်လာကြသော ဂုဏ်သရေရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိ/ရပ်ဖများ၊ ဒေသခံ ပြည်သူများက နှစ်သစ်အခါသမယတွင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း အမွှေးနှံ့သာရေများပက်ဖျန်း၍ ပျော်ရွှင်စွာရေကစားကြသည်။
ယင်းနောက် ဌာနဆိုင်ရာယိမ်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာယိမ်းအဖွဲ့များက သင်္ကြန်ယိမ်းအကများ၊ သင်္ကြန်သီချင်းများဖြင့်ဖျော်ဖြေခဲ့ကြပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ဒေါ့ဖုန်းယန်(ပြန်/ဆက်)