ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကာလတွင် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲသင်တန်း ဖွင့်လှစ်

တံတား အောက်တိုဘာ ၂

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကာလတွင် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲ သင်တန်းကို သုံးလောကထွဋ်ခေါင်မာရ်အောင်ရတနာ ဘုရားကြီးအတွင်းရှိ သာသနာ့ဗိမာန်၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ကျောက်တန်းမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးနိုင်ဝင်းထွန်းက အဖွင့်အမှာစကား ပြောကြား၍ တံတားနယ်မြေစခန်းမှူး ရဲအုပ်ကျော်စိုးအောင်က သင်တန်ဖွင့်လှစ်ရခြင်းမှာ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပစဉ် လုံခြုံရေးတာဝန်များ အပြည့်အဝ ဆောင်ရွက်နိုင်ရန် အတွက် အထူးရဲတပ်ဖွဲ့များကို ခန့်အပ်ရခြင်း ဖြစ်ကြောင်းနှင့်  ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ကြရန် ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် သင်တန်းသား ၆၁ ဦးအား နယ်ထိန်းအရာရှိ ဒု-ရဲအုပ်မျိုးဝင်းအောင်က အနီးကပ် ကြီးကြပ်ကွပ်ကဲလျက် စစ်ရေးပြဘာသာရပ် ဥပဒေ၊ နည်းဥပဒေလက်စွဲများ၊ ကျင့်ဝတ်ဘာသာရပ်များကို  အောက်တိုဘာ ၁ ရက်မှ ၂၈ ရက်ထိ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

တင်နိုင်ဝင်း(တံတား)