မိုးနဲမြို့နယ်၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်(အကြို)‌နေ့ ဖွင့်ပွဲအခမ်းအနားကျင်းပ

မိုးနဲ ဧပြီ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဥ်ရပ်ကွက် ဌာနစုပေါင်းရုံး မြက်ခင်းကွင်းပြင်နေရာ၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်(အကြို)နေ့ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်သင်္ကြန်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များက ဖဲကြိုးဖြတ်၍ အခမ်းအနားဖွင့်လှစ်ပေးခဲ့ပြီး ယိမ်းသမလေးများက မြူ‌မှောင်ဝေကင်းသီချင်းကို စုပေါင်းဖျော်ဖြေပေးခဲ့ကြသည်။ ထို့နောက် သိင်္ဂီရွှေဝါယိမ်းအဖွဲ့မှ မင်္ဂလာရွှေစင်ရတုသဘင် သီချင်းဖြင့်လည်းကောင်း၊ ရေသူမလေးများယိမ်းအဖွဲ့မှ ယိမ်းသမလေးသီချင်းဖြင့်လည်းကောင်း၊ နှောင်းတခေတ်ယိမ်းအဖွဲ့မှ မိုးသီချင်းဖြင့်လည်းကောင်း၊ ပိတောက်ရွှေဝါပျိုမဒီယိမ်းအဖွဲ့မှ မန်းတောင်ရိပ်ခိုသီချင်းဖြင့်လည်းကောင်း၊ သီတာအေးရိပ်ယိမ်းအဖွဲ့မှ သင်္ကြန်ရောက်ခဲ့ပြီသီချင်းဖြင့်လည်းကောင်း၊ လှပျိုဖြူယိမ်းအဖွဲ့မှ သင်္ကြန်မိုးသီချင်းဖြင့်လည်းကောင်း၊ ယိမ်းသမပျိုကညာယိမ်းအဖွဲ့မှ မန်းတောင်ရိပ်ခိုသီချင်းဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနယိမ်းအဖွဲ့မှ မြန်ပြည်တဝှမ်းအေးချမ်းပါစေသီချင်းဖြင့်လည်းကောင်း အသီးသီးဖျော်ဖြေတင်ဆက်ခဲ့ကြပြီး သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးကော်မတီတာဝန်ရှိသူများက ဆုများကိုအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားမစတင်မီ လမ်းလျောက်သင်္ကြန်ပွဲတော်ကို ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများ၊ ယိမ်းသမလေးများက စည်ကားသိုက်မြိုက်စွာ ဆင်နွဲခဲ့ကြပြီး အခမ်းအနားသို့ သင်္ကြန်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ လူမှုဖူလုံရေးအသင်း၊ ယိမ်းအကအဖွဲ့များ၊ ဖိတ်ကြားထားသော ဂုဏ်သရေရှိ ဧည့်သည်တော်များ၊ မြို့မိမြို့ဖများ စုပေါင်းအင်အား (၁၀၀)ကျော် တက်ရောက်ခဲ့ကြောင်းနှင့် လုံချုံစွာကျင်းပပြုလုပ်နိုင်ရေး မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှတပ်မတော်သားများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဇင်ကိုကို(ပြန်/ဆက်)