ရပ်စောက် ဧပြီ ၁၄
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူးအခါသမယတွင် ပြည်သူများ စိတ်အေးချမ်းစွာဖြင့် အပန်းဖြေပျော်ရွှင်ကြစေရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် မဟာသင်္ကြန်ပွဲတော်ကို ယမန်နေ့ညနေ ၅ နာရီတွင် ရဿဝတီခန်းမရှေ့ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရပ်စောက်မြို့ မြန်မာ့နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ်ကျော်စွာဦးနှင့် တပ်မတော်အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် ဧည့်သည်တော်များက ဖဲကြိုးဖြတ်ကာဖွင့်လှစ်ပေးပြီး ဖျော်ဖြေရေး ယိမ်းအဖွဲ့ဝင်များက မန်းတောင်ရိပ်ခိုသီချင်းဖြင့် ပြိုင်တူက၍အခမ်းအနားကို ဖွင့်လှစ်ကြသည်။ ဆက်လက်၍ ယိမ်းအကအဖွဲ့များအား ဗထူးတပ်နယ်မှူးနှင့် ဧည့်သည်တော်များက အတာရေဖြင့် ပက်ဖြန်းကာ ဂုဏ်ပြုခဲ့ကြသည်။
ရပ်စောက်မြို့ မြန်မာ့နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကာလ ဧပြီ ၁၃ ရက်မှ ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့အထိ သင်္ကြန်ချစ်သူများ ပျော်ရွှင်စွာ ရေပက်ကစားနိုင်ရေး ရေကစားမဏ္ဍပ်များ စီစဉ်ထားရှိကာ စတုဒီသာအလှူဒါနများ ကျွေးမွေးမည့် အစီအစဉ်များ၊ ဗထူးတပ်နယ်၊ ဌာနဆိုင်ရာ၊ ရပ်ကွက်/ကျေးရွာများမှ သင်္ကြန်ယိမ်းအကအဖွဲ့ ၂၉ ဖွဲ့၊ မြို့ပေါ်နှင့် ဌာနဆိုင်ရာများမှ တေးဂီတ ဝါသနာရှင်များမှ နံနက်ပိုင်း၊ မွန်းလွဲပိုင်း၊ ညပိုင်းအစီအစဉ်များဖြင့် သီဆို၊ ကပြဖျော်ဖြေ တင်ဆက်ပေးသွား မည်ဖြစ်သည်။
အဆိုပါ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို ယနေ့မှစတင်၍ ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဆုမွန်