မန္တလေး ဧပြီ ၁၄
မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အောင်မြေသာစံခရိုင် ရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ဧပြီလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီက မန္တလေးမြို့ ကျုံးအရှေ့ဘက်ခြမ်း၊ ၆၆ လမ်း ပေါ်ရှိ အဆိုပါရေကစားမဏ္ဍပ်တွင် ကျင်းပပြုလုပ်သည်။
အစီအစဉ်အရ အောင်မြေသာစံစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဒေါက်တာအောင်ဆွေက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ ဖြစ်ကြသော စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးဝန်ကြီး ဦးအောင်မင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်၊ ဥပဒေချုပ်ဦးမြင့်အောင်တို့က အောင်မြေသာစံခရိုင် ရေကစားမဏ္ဍပ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။
ဆက်လက်၍ မဏ္ဍပ်ပေါ်ရှိ လှပျိုဖြူလေးများနှင့် မဏ္ဍပ်ရှေ့ရှိ သင်္ကြန်ယိမ်းအဖွဲ့များက မြနန္ဒာသီချင်းဖြင့် ပြိုင်တူကပြဖျော်ဖြေကြသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၎င်းတို့၏ဇနီးများ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေး အတွင်းရေးမှူး ဒုတိယရဲမှူးကြီးကျော်မိုး၊ အဖွဲ့ဝင်များဖြစ်ကြသော ဒုတိယဗိုလ်မှူးကြီးမင်းဟိန်း၊ ဦးသန်းထွန်းအောင်(လဝက)နှင့် ဦးတင်မောင်ဝင်း ဧည့်သည်တော်များ၊ ဖိတ်ကြားထားသူ တက်ရောက် အားပေးကြသည်။
ထို့နောက် ဝန်ကြီးများ ဧည့်သည်တော်များ တာဝန်ရှိသူများက အပြန်အလှန် အတာရေပက်ဖျန်ပေးကြပါသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)