မလှိုင် ဧပြီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၄)နာရီအချိန်တွင် မလှိုင်မြို့စက်မှု(၁)လမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ သင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည် ။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က မိတ်ဆက်အမှာစကားပြောကြားခဲ့ပြီး ၁၃၈၄ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော်(၉)ရက်၊ ခရစ်နှစ် ၂ဝ၂၃ ခုနှစ်၊ ဧပြီလ(၁၃)ရက်နေ့ မင်္ဂလာအချိန်တွင်ကျင်းပပြုလုပ်သော မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ကို စတင်ဖွင့်လှစ်ကြောင်းကြေညာပေးခဲ့သည်။ ဖွင့်ပွဲကြေညာအပြီးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းယိမ်းအဖွဲ့က ညှင်းသွဲ့သွဲ့လေညှင်းသီချင်းဖြင့် ဧည့်ခံသီဆို ဖျော်ဖြေခဲ့ကြသည်။ ယင်းနောက် မြို့နယ်စည်ပင်သာယာရေး ယိမ်းအဖွဲ့၊ မြို့နယ်အခွန်ဦးစီးဌာန ဝန်ထမ်းယိမ်းအဖွဲ့၊ မြို့နယ်သမဝါယမ ဝန်ထမ်းယိမ်းအဖွဲ့၊ ပညာရေးဌာနဝန်ထမ်းယိမ်းအဖွဲ့၊ အုပ်ကြီးကျေးရွာအဖွဲ့(၁)နှင့်အဖွဲ့(၂)ယိမ်းအဖွဲ့တို့က အလှည့်ကျဧည့်ခံသီဆိုဖျော်ဖြေပေးခဲ့ကြသည်။ ယင်းနောက် ဧည့်ခံဖျော်ဖြေခဲ့ကြသည့် ယိမ်းအဖွဲ့(၇)ဖွဲ့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များက ယိမ်းတစ်ဖွဲ့လျှင် ငွေကျပ်တစ်သိန်းနှုန်း ဆုများချီးမြှင့်ပေးခဲ့ပေးပြီး သင်္ကြန်အကျနေ့၊ အကြတ်နေ့၊ အတက်နေ့များတွင်လည်း ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်တွဲဖက်၍ အလှည့်ကျဧည့်ခံ ဖျော်ဖြေသွားမည် ဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသောဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ရေကစားလာရောက်သူများ၊ ယိမ်းအဖွဲ့များ အားလုံးကို စတုဒီသာအဖြစ် ကြာဇံဟင်းများနှင့်ဧည့်ခံကျွေးမွေးပြီး မြို့နယ်အခွန်ဦးစီးဌာနမှလည်း စတုဒိသာအအေးများတိုက်ကျွေးခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)