မအီမြို့တွင် နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် မြို့မဗဟိုမဏ္ဍပ်ဖွင့်လှစ်

မအီ    ဧပြီ    ၁၄

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး မြို့မရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက မအီမြို့၊ အ.ထ.ကရှေ့အားကစားကွင်းတွင် ကျင်းပခဲ့သည်။

မြို့မရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မအီနယ်မြေရဲစခန်းမှူး ရဲအုပ်ချစ်ထွန်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မဗဟိုမဏ္ဍပ်ဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ မြို့အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် သင်္ကြန်ပွဲတော်သည် မြန်မာ့ရိုးရာပွဲတော်များတွင် နှစ်ဦးတွင် အစောဆုံးကျင်းပသော ပွဲတော်ဖြစ်သည့်အပြင် ရေပက်ကစားရသော ပွဲတော်ဖြစ်သည့်အတွက် ထူးခြားလှပါကြောင်း၊ သင်္ကြန်ဆိုသည်မှာ ကူးပြောင်းခြင်းဟု အဓိပ္ပါယ်ရရှိကြောင်း၊ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသောအဓိပ္ပါယ်ဖြစ်ပါကြောင်း၊ နှစ်ဟောင်းမှအညစ်အကြေးများကို ရေစင်ရေသန့်တို့ဖြင့် ပက်ဖျန်းခြင်းကြောင့် စိတ်ကိုကြည်လင်အေးမြစေပြီး ငြိမ်းအေးပါစေကြောင်း၊ နိဂုံးချုပ်အနေဖြင့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်သည် မြန်မာတိုင်းရင်းသားအားလုံးတို့ အမွန်အမြတ်ထားသော ပျော်ရွှင်ဖွယ်ရာအကောင်းဆုံး ရေသဘင်ပွဲတော်ဖြစ်၍ အစစအရာရာတွင် သတိတရားလက်ကိုင်ထားပြီး အစဉ်အလာမပျက် ရိုးရာရေသဘင်ပွဲတော်ကာလကို အကောင်းဆုံးဆင်နွှဲကြရန်နှင့် ကောင်းသောကုသိုလ်တရားများဖြင့်  နှစ်သစ်ကို ဖြတ်ကျော်ကြစေရန် ဆန္ဒပြုတိုက်တွန်းအပ်ပါကြောင်း ပြောကြားခဲ့သည်။ 

ထိုသို့ မြို့မရေကစားမဏ္ဍပ်ကို အခက်အခဲများကြားမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည့် မအီမြို့ပေါ် လူငယ်မောင်မယ်များနှင့် စေတနာရှင်အလှူရှင်များ၊ ရေကစားမဏ္ဍပ်ဖြစ်မြောက်စေရေးအတွက် ပံ့ပိုးကူညီခဲ့ကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မဗဟိုမဏ္ဍပ်ကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ခြင်းအတွက် ကျေးဇူးတင်ထိုက်သူများ အားလုံးကို ဝမ်းမြောက်စွာ ကျေးဇူးတင်ရှိပါကြောင်းတို့ကို ဗဟိုမဏ္ဍပ်ဖြစ်မြောက်ရေးကော်မတီမှ ဦးဝင်းဖေက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အသင်းတို့အား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားကို နံ့သာရေများဖြင့် အပြန်အလှန်ပက်ဖျန်း၍ ရခိုင်ရိုးရာ ယိမ်းအကအလှများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)