ဟိုပန် ဧပြီ ၁၄
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ တိုင်းရင်းသားယဉ်ကျေးမှုကွင်းတွင် ကျင်းပပြုလုပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့်အဖွဲ့ဝင်များ၊ ရှေ့တန်းအမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးမင်းမောင်၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ယိမ်းအဖွဲ့များ၊ ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ပထမဦးစွာဥက္ကဋ္ဌ ဦးညီနပ်က နှစ်သစ်ကူးနုတ်ခွန်းဆက် အမှာစကားပြောကြားပြီး အတာသင်္ကြန်ပွဲတော်အတွက် အလှူငွေများကို လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ဆက်လက်၍ မင်္ဂလာအချိန်တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာအတာ သင်္ကြန်ပွဲတော်ကိုဥက္ကဋ္ဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ ယင်းနောက် မန်းတောင်ရိပ်ခိုသီချင်းဖြင့် သံပြိုင်သီဆိုကပြဖျော်ဖြေလျက်ရှိသည့် ယိမ်းအဖွဲ့များကို ဥက္ကဋ္ဌနှင့်အဖွဲ့က သင်္ကြန်ရေစင်ဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။ ထို့နောက် သင်္ကြန်ယိမ်း
အကဖျော်ဖြေမှုနှင့် ခေတ်ပေါ်တေးဂီတဖျော်ဖြေတင်ဆက်မှုတို့ကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ယိမ်းအကနှင့်တေးဂီတဖျော်ဖြေတင်ဆက်မှုများကိုအကြိုနေ့မှ အတက်နေ့အထိ သင်္ကြန်ယိမ်းအကအဖွဲ့(၁၈)ဖွဲ့၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့(၆)ဖွဲ့တို့ဖြင့်လည်းကောင်း၊ DJ အက၊ နိုင်ငံကျော်အဆိုတော်များ၏ တေးဂီတဖျော်ဖြေမှုများဖြင့်လည်းကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)