ရန်ကင်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ

ရန်ကင်း အောက်တိုဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဒုတိယအကြိမ်မဲဆန္ဒရှင် အမည်စာရင်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင်  ကပ်ထား ကြေညာထားကြောင်း သိရသည်။    

ရန်ကင်းမြို့နယ်တွင် မဲဆန္ဒရှင် အမည်စာရင်းများကို အောက်တိုဘာ(၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် ကပ်ထားကြေညာ သွားမည်ဖြစ်ပြီး ဆန္ဒမဲတွင် မိမိအမည်မပါဝင်ပါက ပုံစံ-၃ ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ အခြားဒေသမှ လာရောက် နေထိုင်သူဖြစ်ပါက ပုံစံ-၃(က)ဖြင့် လျှောက်ထားခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်လာပါက  ပုံစံ-၄ ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်း နေပါက ပုံစံ-၄(ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်း စသည်တို့ကို သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်စိစစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး အသက် (၁၈)နှစ် ပြည့်သူတိုင်း မဲပေးခွင့် မဆုံးရှုံးစေရန် အတွက် မဲစာရင်းများ လာရောက်ကြည့်ရှုရန် နှိုးဆော်ထားကြောင်း သိရသည်။

အဆိုပါ မဲစာရင်းများကို ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေညာ ထားသည့်အပြင် မိမိတို့၏ Computerနှင့် Mobile Phone များရှိ browser မှတစ်ဆင့်  https://findyourpollingstation.uec.gov.mm တွင် အချက်အလက်များ ဖြည့်စွက်၍ ကြည့်ရှုနိုင်ကြောင်းလည်း သိရှိရပါသည်။

လင်းလင်းထွန်း(ပြန်/ဆက်)