မန္တလေး ဧပြီ ၁၄
မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားများကို ယမန်နေ့နံနက်ပိုင်းက မန္တလေးမြို့ ကျုံးအရှေ့ဘက်ခြမ်း၊ ၆၆ လမ်းတစ်လျှောက်တွင် ပြုလုပ်ကြသည်။
ရှေးဦးစွာ ကျုံးထောင့် ၆၆လမ်း၊၂၆လမ်းရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များဖြစ်ကြသော စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ လူမှုရေးဝန်ကြီး ဦးအောင်မင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန တိုင်းညွှန်ကြား ရေးမှူး ဦးဇော်မျိုးလတ်၊မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်)ဥက္ကဋ္ဌ ဦးမင်းနိုင်၊ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ထွေး တို့ကလည်ကောင်း၊ မန္တလေးစက်မှုလက်မှုလုပ်ငန်းရှင် များအသင်း၏ သင်္ကြန်မိုးရေသဘင်မဏ္ဍပ်ကို ဝန်ကြီးများနှင့်အတူ ဥက္ကဋ္ဌ ဦးဝင်းဌေး၊ ဒုတိယ ဥက္ကဋ္ဌများဖြစ်ကြသော ဒေါ်မြင့်မြင့်သန်းနှင့် ဒေါ်ခင်လှလှ တို့ကလည်ကောင်း၊ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာမိသားစု ရေသဘင်မဏ္ဍပ်ကို တိုင်းဒေသကြီးဝန်ကြီးများ ကလည်ကောင်း၊ စက်သုံးဆီလုပ်ငန်းရှင်များ၏ Petro ရေကစားမဏ္ဍပ်ကို ဝန်ကြီးများနှင့်အတူ မြန်မာ့ရေနံထွက် ပစ္စည်း၊ ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ဒုတိယစစ်ဆေးရေးအရာရှိချုပ် ဦးလရော်၊Denko Co,Ltd. မှ GM ဦးလှမင်းသိန်း နှင့် BOC Co,Ltd. မှ GM ဦးကျော်စွာအောင် တို့ကလည်ကောင်း၊ ပုံနှိပ် လုပ်ငန်းရှင်များအသင်း၏ ပိတောက်ရွှေဝါ ရေကစားမဏ္ဍပ်ကို ဝန်ကြီးများနှင့်အတူ ဦးထွန်းထွန်းစိုး၊ဒေါ်စန်းစန်းဦးနှင့်ဒေါ်သက်သက် တို့ကလည်ကောင်း အသီးသီးဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြပါသည်။
ဖွင့်ပွဲများတွင် မဏ္ဍပ်ပေါ်ရှိ လှပျိုဖြူလေးများနှင့်မဏ္ဍပ်ရှေ့ရှိ သင်္ကြန်ယိမ်းအဖွဲ့များက တေးသံသာများဖြင့် ပြိုင်တူကပြဖျော်ဖြေကြပါ သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးများ ၎င်းတို့၏ဇနီးများ၊ မဏ္ဍပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဧည့်သည်တော်များ၊ဖိတ်ကြားထားသူများက အပြန်အလှန် အတာရေ ပက်ဖျန်ပေးကြပါသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)