တံတားဦးမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

တံတားဦး ဧပြီ ၁၅

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၁၃၈၄-ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဖျော်ဖြေရေးမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၄)နာရီက တံတားဦးမြို့ လမ်းမတော်လမ်း သမိုင်းဝင်ဆေးအိုးဖိုဘုရားနီးတွင် ကျင်းပကြောင်းသိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းက သင်္ကြန်နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် မြန်မာတို့၏(၁၂)လရာသီ ပွဲတော် ပထမဦးဆုံး နှစ်ကူးလ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ကာလမှာ သင်္ကြန်ရေအေးနဲ့ နှစ်ဟောင်းမှမကောင်းသော အညစ်အကြေးများကို ဆေးကြောသန့်စင်ပြီး စိတ်သစ်လူသစ်ဖြင့် တိုးတက်မှုအပေါင်း ဆောင်ယူနိုင်ကြပါစေကြောင်း၊ နှစ်(၁) နှစ်၏ ကောင်းမှု၊ မကောင်းမှုများသည် အများပြောမှမဟုတ်ဘဲ မိမိကိုယ်တိုင်လည်း သိရှိခံစားပြီး ဖြစ်သဖြင့် နှစ်ဟောင်းမှ ကောင်းမှုများကို ပိုမိုကျင့်ကြံပြီး ကောင်းသထက်ကောင်းအောင် ဆောင်ရွက်နိုင်ကြပါစေကြောင်း၊ သင်္ကြန်ရေသည် ရေအေးနှင့်ပက်ဖျန်းကစားရသည့်မှာလည်း အလွန်ပျော်စရာကောင်းပြီး ရာသီဥတုနှင့်လည်း ကိုက်ညီသည့်အပြင် တစ်ခြားသူများကို မထိခိုက်ဘဲ မိမိပျော်ရွှင်ရေးကို ဆောင်ရွက်သင့်ပါကြောင်းနှင့် အထူးသဖြင့်လူငယ်များအနေဖြင့် မြန်မာ့ရိုးရာ မဟာသင်္ကြန်၏ အနှစ်သာရအား မပျောက်ပျက်စေဘဲ ခေတ်နှင့်လျော်ညီစွာ အမှားအယွင်းမရှိ ပျော်ရွှင်စွာ ေ၇ကစားနိုင်ပါကြောင်းပြောကြားသည်။

ထို့နောက် မြန်မာ့ရိုးရာမဟာသင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ်အား တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်း၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ညီညီနိုင်၊ အဖွဲ့ဝင်(၃) ဦးသန်းနိုင်၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးဇော်ဝင်းနိုင်နှင့် တံတားဦးမြို့နယ်စီမံအုပ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မန်းတောင်ရိပ်ခို သီချင်းဖြင့် ဖွင့်လှစ်ပေးပြီး ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာမျာမှ သပြေခက်နှင့် အတာရေကို လိုက်လံပျက်ဖျန်း၍ စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးကြသည်။

တံတားဦးမြို့နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြနမ်ဖျော်ဖြေရေး မဏ္ဍပ်တွင် မဟာသင်္ကြန် ကာလအတွင်း ယိမ်းအကအလှများ၊  သင်္ကြန်တေးသီချင်းများနှင့် ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်၍ မဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

ဦးရဲတင့်(ပြန်/ဆက်)