မန္တလေး အောက်တိုဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ သရဲဆက်ကျေးရွာအုပ်စု၊ သရဖူ (သရဲဆက်) လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ အသင်းပိုင်ငွေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း အသင်းသားများ၏ စားဝတ်နေရေး အထောက်အပံ့ ဖြစ်စေရန်ရည်ရွယ်၍ ဆန်နှင့်ဆီ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၈နာရီက အဆိုပါ အသင်းရုံး၌ ပြုလုပ်ခဲ့သည်။ ဆက်လက်၍ အသင်းသားတစ်ဦးလျှင် (၁၁၁၀၀၀)ကျပ်နှုန်းဖြင့် အသင်းသား (၁၂၇)ဦးအား စုစုပေါင်း သိန်း(၁၄၀)ကျော် ထုတ်ချေးပေးခဲ့ပြီး၊ အသင်းသားတစ်ဦးလျှင် ဆန်(၆)ပြည်၊ ဆီ (၅၀)သား နှုန်းဖြင့် အသင်းရှိ အသင်းသား (၁၉၂)ဦးအား ထောက်ပံ့ပေးအပ်ခဲ့ကာ စုစုပေါင်း ဆန်(၃၂)ပိုင်း၊ ဆီ (၆၄)ပိဿာ တို့ကို အသင်းသားများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့သည်။
ထို့သို့ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခင်မောင်မြင့်၊ ဦးစီးမှူးဒေါ်ခင်စန်းမွန်၊ အကြီးတန်းစာရေး ဦးမြတ်မိုးအောင် နှင့် သရဖူ (သရဲဆက်) လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း အမှုဆောင်တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအနေဖြင့် ကျန်းမာဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျေးရွာအရောက် ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို