မောင်တော ဧပြီ ၁၃
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၁၃၈၄-၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီအချိန် ကညင်တန်းရပ်ကွက်ရှိ ဗဟိုလ်မဏ္ဍပ် စည်းကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေဦးက နှစ်သစ်ကူး အမှာစကားပြောကြားပြီး ၂၀၂၃ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရုပ်ရှင်သရုပ်ဆောင် မင်းသားသားထက်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ရိုးရာယဉ်ကျေးမှုအဖွဲ့များက အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ကြပြီး တာဝန်ရှိသူများက အတာရေဖြင့် ယိမ်းအဖွဲ့များ၊ ပရိသတ်များအား ရေပတ်ဖြန်း၍ တစ်ပျော်တစ်ပါး ပါဝင်ဆင်နွှဲခဲ့ကြသည်။ ယင်းနောက် ရုပ်ရှင်သရုပ်ဆောင် မင်းသားသားထက်နှင့် ယိမ်းအဖွဲ့များကသင်္ကြန်တေးသီချင်းများဖြင့် ဆက်လက်ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်(ပြန်/ဆက်)
မောင်တော