မာန်အောင် ဧပြီ ၁၄
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၌ ၁၃၈၄-၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲနှင့် မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီက ကျင်းပခဲ့သည်။
အဆိုပါ မဟာသင်္ကြန်ပွဲတော် ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲကို မွန်းလွဲ(၂)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်အသင်း(၈)သင်းက ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင်ဆုရရှိသည့် အသင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် ပြိုင်ပွဲမှရရှိသည့် အမွှေးနံ့သာရည်များဖြင့် ဓာတ်တော်စေတီတော်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ရေသပ္ပါယ်ခြင်းကုသိုလ်ကောင်းမှုများပြုလုပ်ခဲ့ကြသည်။
ထို့နောက် မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ညနေ(၄)နာရီတွင် အနောက်စုရပ်ကွက်ရှိ မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၌ ဆက်လက်ကျင်းပရာအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းဇော်ဟိန်းက အဖွင့်အမှာစကားပြောကြားပြီး မဟာသင်္ကြန်ပွဲတော်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရှေ့တန်းအမှတ်(၃၄၄)ခြေလျင်တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် အမှတ်(၁၉)ရေတပ်စခန်းမှ ဗိုလ်မှူးကျော်စိုးဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာယိမ်းအဖွဲ့(၁၁)ဖွဲ့က မန်းတောင်ရိပ်ခိုတေးသီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေခြင်း၊ ယိမ်းအဖွဲ့ပြိုင်ပွဲ ပြုလုပ်ခြင်းများဆောင်ရွက်ပြီး တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမှတ်(၃၄၄)ရှေ့တန်းစခန်း၊ အမှတ်(၁၉)ရေတပ်စခန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဖျော်ဖြေကပြမည့်ယိမ်းအဖွဲ့ဝင်များ၊ ကုမ္ပဏီများမှတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများ စုစုပေါင်း ၃၀၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)