မွန်ပြည်နယ်၀န်ကြီးချုပ် မြန်မာ သက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို  စည်ကားသိုက်မြိုက်စွာ ဖဲကြိုးဖြတ်ဖွင့်လှစ်

မော်လမြိုင်  ဧပြီ  ၁၄

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရှေးမြန်မာမင်းများလက်ထက် ခေတ် အဆက်ဆက်မှစပြီးမပျက်မကွက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြရာ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မွန်ပြည်နယ် မြန်မာရိုးရာမဟာသင်္ကြန် ပွဲတော်ဖွင့်ပွဲကို ယမန်နေ့ အတာသင်္ကြန်အကြိုနေ့ ညနေ ၆ နာရီ ခန့် က မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ ဗဟိုမဏ္ဍပ်၌ကျင်းပခဲ့သည်။

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင် တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း နှင့်ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများက ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဇီဝိတဒါနငှက်လွှတ်ပေးခဲ့ကြသည်။

ထို့နောက် မွန်ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်းက တန်ခူးလသင်္ကြန်အခါသမယတွင် ပြုကျင့်မြဲဖြစ်သော အလှူဒါန ပွဲများ ခြိမ့်ခြိမ့်သဲသဲ ဆင်နွှဲကြခြင်း၊ စတုဒီသာများ ကျွေးမွေးခြင်း၊ ရဟန်းသံဃာတော်များအား ဆွမ်းဘောဇဉ်များ ကပ်လှူခြင်း၊ ဗုဒ္ဓရုပ်ပွားတော်များအားရေသပ္ပာယ်ခြင်း၊ ဥပုသ်သီတင်းဆောက်တည်ခြင်း၊ ဗုဒ္ဓတရားတော်များကို နာကြားခြင်း၊ သက်ကြီးရွယ်အိုများအား ခေါင်းလျှော်ပေးခြင်း၊ ဘိုးဘွားမိဘ ဆရာသမားစသည်တို့အား ပူဇော် ကန်တော့ခြင်း၊ ငါးလွှတ်ခြင်း၊ ကျွဲ၊ နွားစသည့် တိရစ္ဆာန်များကို ဘေးမဲ့လွှတ်ခြင်းစသော ကုသိုလ်ကောင်းမှုများသည် မြတ်နိုးလေးစား ဖွယ်ကောင်းသော ယဉ်ကျေးမှုအစဉ်အလာ များနှင့်အညီ တစ်မျိုးသား လုံး နှစ်စဉ်ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြတဲ့ သင်္ကြန်ပွဲတော်က ထူးခြားသော အမျိုးသားရေးပွဲတော်များအဖြစ် မြန်မာတို့အနေဖြင့် ဂုဏ်ယူကြရဖွယ်ဖြစ်ပါတယ်။ ထိုယဉ်ကျေးမှု အစဉ်အလာကောင်းများ ကိုလည်း မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းကြရမှာဖြစ်သလို တစ်ဦးနှင့်တစ်ဦး ထိခိုက်အနာတရ ဖြစ်စေပြီး အန္တရာယ်ဖြစ်စေသော ရေကစားမှုများ၊ ရမ်းကားကြမ်းတမ်းတဲ့ ရေကစားမှုများ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ကို အရုပ်ဆိုးအကျည်းတန်စေသည့် အပြုအမူများ မပြုလုပ်မိရန်နှင့် အပျော်မှတစ်ဆင့် စိတ်ဆင်းရဲစရာများ မပြုလုပ်မိစေရန်၊ မူးယစ် သောက်စားရမ်းကားမှုကြောင့် နောက်ဆက်တွဲဆိုးကျိုးများ မရရှိစေရန် သက်ဆိုင်သည့်ဌာနများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ အထူးဂရုပြု ဆင်ခြင်ကြပ်မတ်ကြစေသလို သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲကြတဲ့ ပြည်သူများကလည်း သတိပေး ချက်များအတိုင်း လိုက်နာစေလိုကြောင်း မွန်ပြည်နယ်အတွင်းသာမက မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ ပြည်သူအားလုံး မင်္ဂလာ ရှိသော နှစ်သစ်အချိန်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာလန်းဖြာ၍ နှစ်ဟောင်းမှအညစ်အကြေးများ၊ အခက်အခဲများကို ကျော်လွှားပြီး စိတ်သစ်၊ လူသစ်၊ အားမာန်သစ်များဖြင့် အများအကျိုး၊ ဒေသအကျိုး၊ အမျိုးဘာသာ သာသနာအကျိုး၊ နိုင်ငံ့အကျိုးတို့ကို ဆထက် ထမ်းပိုးပိုမိုသယ်ပိုးနိုင်ကြပါစေလို့ မင်္ဂလာတရားများနှင့်ပြည့်စုံကြ ပါစေကြောင်း နှစ်သစ်ကူးဆု တောင်းမေတ္တာပို့သ၍ နှစ်သစ်ကို ကြိုဆိုနှုတ်ခွန်းဆက်သပြီး လှပျိုဖြူလေးများ၏ ယိမ်းအကအလှ​ဖျော်ဖြေတင်ဆက်နေမှုများကို ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လှပျိူဖြူလေးများနှင့် တက်ရောက်လာကြသော ဧည့်ပရိသတ်များအား အမွှေးနံသာရေများကို သပြေခတ်ဖြင့် ပတ်ဖြန်းခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ မွန်မင်းလမ်းအပန်းဖြေနာနေစခန်း သင်္ကြန်မဏ္ဍပ်အား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့်ပြည်နယ် အစိုးရအဖွဲ့၀င် ၀န်ကြီးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး လှပျိဖြူလေးများ၏ ယိမ်းအက ဖျော်ဖြေနေမှုများကို ကြည့်ရှူ၍ အမွှေးနံသာရေးများဖြင့် ပတ်ဖျန်းခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)