ရန်ကင်းမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကြေညာချက်များကို မီးသတ်ယာဉ်ဖြင့် လှည့်လည်နှိုးဆော်ပေး

ရန်ကင်း  အောက်တိုဘာ  ၂

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပြည်သူများအနေဖြင့် မိမိအိမ်တွင်သာ နေထိုင်ကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ကြေညာချက်များကို သိရှိလိုက်နာကြစေရန် ယ​မန်နေ့ညက မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက် များသို့ မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ နှိုးဆော်ပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အသိပညာပေး နှိုးဆော်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်‌ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များ၊  မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ပြည်သူများအနေဖြင့် မဖြစ်မနေ Stay at Home ကာလအတွင်း မိမိအိမ်တွင်သာ နေထိုင်ကြရန်နှင့် မိသားစု ကျန်းမာရေးနှင့် စားသောက်ရေး ဈေးဝယ်ခြင်း ကိစ္စများမှ လွဲပြီး အကြောင်းမဲ့ပြင်ပသို့ ထွက်ခွာသွားလာခြင်း မပြုရန်နှင့် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်ကြရန်တို့အား မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မီးသတ်ယာဉ်ဖြင့် လိုက်လံနှိုးဆော် ပေးခဲ့ကြောင်း သိရသည်။

လင်းလင်းထွန်း(ပြန်/ဆက်)