၁၃၈၄ ခုနှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ဧပြီ ၁၄

၁၃၈၄ ခုနှစ်၊ ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ယိမ်းအဖွဲ့များ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ အနုပညာရှင်များ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

အဆိုပါအခမ်းအနားကို ကောင်းခြင်းမင်္ဂလာအဖြာဖြာပြည့်စုံပါစေကြောင်း ခရုသင်းမှုတ်မင်္ဂလာပြုအစီအစဉ်များဆောင်ရွက်ကြပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် မဟာသင်္ကြန်ပွဲတော်သည် မြန်မာတို့၏တန်ဖိုးမဖြတ်နိုင်သော ရိုးရာယဉ်ကျေးမှုပွဲတော်တစ်ခုဖြစ်သည့်အပြင် တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိလာစေနိုင်သည့် ဓလေ့စရိုက်ကောင်းများ ဖြစ်ထွန်းစေခြင်း အနှစ်သာရများနှင့် ကျင်းပသည့်ထူးခြားလေးနက်သော မြန်မာရိုးရာပွဲတော်ကြီးဖြစ်ပါကြောင်း၊ နှစ်သစ်ကူးအချိန်အခါသည် ယဉ်ကျေးမှုအစဉ်အလာမြင့်မားသော လူမျိုးတိုင်းတွင်ရှိသည့် အစဉ်အလာယဉ်ကျေးမှုတစ်ခုဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုအစဉ်အလာမြင့်မားသည့် လူမျိုးတွင် မြန်မာလူမျိုးသည်. ထိပ်ဆုံးမှပါဝင်သည့်အတွက် မြန်မာ့ရိုးရာဓလေ့ယဉ်ကျေးမှုများကိုစောင့်ရှောက်ပြီး ဆက်လက်ထိန်းသိမ်းရမည့်တာဝန်တွေလည်းရှိပါကြောင်း၊ ဒီလိုအစဉ်အလာကောင်းများဖြင့် နှစ်စဉ်ကျင်းပခဲ့ရာမှ မြန်မာလူမျိုးများ သာမကနိုင်ငံရပ်ခြားတိုင်းတစ်ပါးကပါလူမျိုးမရွေး ဘာသာမရွေး ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲကြသော အလွန်ယဉ်ကျေးသိမ်မွေ့လှသည့် ပွဲတော်ဖြစ်ပြီး မြန်မာနိုင်ငံတစ်နိုင်ငံတည်းသာ အစဉ်အလာမပျက်ယဉ်ကျေးသိမ်မွေ့စွာ နှစ်စဉ်ဆင်နွှဲသည့်မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော်ကြီးလည်းဖြစ်ပါကြောင်း နှစ်သစ်ကူးအခါသမယတွင်ဘုရားပုထိုး၊ စေတီ၊ တန်ဆောင်း၊ ကျောင်းကန်များသို့ သွားရောက်ဥပုသ်သီတင်းသီလ ဆောက်တည်အလှူဒါနပြုခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း၊ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင် သံဃာတော်အရှင်သူမြတ်များကရပ်ကွက်များ၊ လမ်းများအလိုက်အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈယ်ခြင်း၊ ရေစက်သွန်းချ အမျှပေးဝေကြခြင်း၊ မိမိထက်အသက်အရွယ်ကြီးသော ဂါရဝပြုရိုသေလေးစားထိုက်သူ သက်ကြီးရွယ်အို အဘိုးအဘွားအနန္တဂိုဏ်းဝင်မိဘဆရာသမားများကို ပူဇော်ကန်တော့ခြင်း၊ တရော်ကင်ပွန်းတို့ဖြင့် ခေါင်းလျှော်ပေးခြင်း၊ ခြေသည်း၊ လက်သည်းများလှီးဖြတ်ပေးခြင်း၊ အမွှေးနံ့သာရည်တို့ဖြင့် ရေချိုးသန့်စင်ဒါနပြုခြင်း၊ တိရစ္ဆာန်များအား ကြင်နာသနားဂရုဏာစိတ်ဖြင့်ဘေးမဲ့လွှတ်ခြင်းစသည့် နှစ်လိုဖွယ်ရာကောင်းမှုကုသိုလ်များကို မြန်မာပြည်သူပြည်သားအားလုံး ပြုလုပ်ကြသည့်ပွဲတော်ကြီးလည်း ဖြစ်ပါကြောင်း၊  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူပြည်သား၊ မြို့တော်သူမြို့တော်သားအပေါင်း ကိုယ်စိတ်နှစ်ဖြာ၊ ကျန်းမာချမ်းသာပြီး နှစ်သစ်မှာယခုနှစ်အတာသင်္ကြန်တွင် မြန်မာ့အမျိုးသားရေးစိတ်ဓာတ်ပေါ်လွင်နိုင်ရေး၊ မြန်မာလူမျိုးများ၏ ဂုဏ်သိက္ခာ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကိုခွန်အားသစ်များဖြင့် ထိန်းသိမ်းစောင့်ရှောက်ရင်း ယဉ်ကျေးသိမ်မွေ့စွာပါဝင်ဆင်နွှဲကြပါရန် ဆုတောင်းပတ္ထနာပြုရန်နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန်တို့က ၁၃၈၄ ခုနှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန်ရေသဘင်ပွဲတော် အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက် နိုင်ငံကျော်တေးသံရှင် သန်းမြတ်စိုးမှ မြူမှောင်ဝေကင်းသီချင်းဖြင့်လည်းကောင်း၊ တေးသံရှင်စိုးညီညီမှ နွေရတုပွဲတော်သီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)